CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉

လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းမှာ နည်းပြအဖြစ် ၂၀၂၇ ခုနှစ်အထိရှိမယ့် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အယ်လ်အက်တီဖတ်အသင်းကို ၂ နှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ ရောက်ရှိ လာခဲ့တာပါ။ အယ်လ်အက်တီဖတ်အသင်းဟာ ဒီရာသီဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး အဆင့် ၁ နေရာမှာ ဦးဆောင်နေတဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ၂၈ မှတ်အကွာအဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စတီဗင်ဂျရတ်ဟာ အယ်လ်အက်တီဖတ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေရင်ဆိုင်နေရတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ဆော်ဒီကလပ်ဟာ စတီဗင်ဂျရတ်ကို အံ့အားသင့်ဖွယ် ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အယ်လ်အက်တီဖတ်အသင်းဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို စာချုပ်ဖျက်သိမ်းပြီး အေဂျက်ဇ် အသင်းထံ ထွက်ခွာခွင့်ပေးပြီးနောက်မှာ နည်းပြ စတီဗင်ဂျရတ်ကို စာချုပ်သက်တမ်းတိုးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ စတီဗင်ဂျရတ်ဟာ စာချုပ်သစ်ကြောင့် ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးရရှိတဲ့ နည်းပြတွေ ထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

စတီဗင်ဂျရတ်က “ဒါက ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုအတွက် အလွန်ဝမ်းသာဖို့ကောင်းပြီး အလုပ်ကြိုးစားမှုနဲ့ ကတိကဝတ်တွေအတွက် များစွာအသိအမှတ်ပြုခံရတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ဟာ အခုထက်ပိုပြီး တိုးလာမယ်လို့ ယုံကြည်မှုရှိပါတယ်။ အခုအချိန်မှာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ထားတာကြောင့် လက်ရှိ ကစားသမားအစုအဖွဲ့ကို ပံ့ပိုးပေးနိုင်တဲ့ ကစားသမားတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်”လို့ ပြောခဲ့တာပါ။

စတီဗင်ဂျရတ်ဟာ ၂၀၁၆ ခုနှစ်က ကစားသမားဘဝကနေ အနားယူပြီးနောက် ပထမဆုံးနည်းပြအလုပ်အကိုင် အဖြစ် ရိန်းဂျားစ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး စကော့တလန်ပရီးမီးယားရှစ်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ကွင်းလယ်လူဟောင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာမှာ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရ ပေမယ့် ရလဒ်ဆိုးတွေကြောင့် တစ်နှစ်အကြာမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Source:BBC