CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက်ဟာ အီဂျစ်နဲ့ ဂါနာအသင်းတို့ကစားခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲရဲ့ ပထမပိုင်းပွဲချိန်အတွင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။

ဆာလက်ဟာ အီဂျစ်နဲ့ ဂါနာအသင်းတို့ ၂ ဂိုးစီသရေကျခဲ့တဲ့ အာဖရိကဖလားအုပ်စုပွဲစဉ်ရဲ့ ပွဲချိန် ၄၅ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဆေးကုသမှုမခံယူခင် မြက်ခင်းပြင်ပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ်ရှိ ဆာလက်ရဲ့ ဒဏ်ရာအခြေအနေဟာ အီဂျစ်အသင်းအတွက်ရော လီဗာပူးလ်အသင်း အတွက်ပါ စိုးရိမ်စရာတွေရှိလာခဲ့တာဖြစ်ပါတယ်။ အီဂျစ်အသင်းနည်းပြ ဗစ်တိုးရီးယားက ဆာလက်ရဲ့ ဒဏ်ရာ အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ပြောခဲ့တာပါ။

ဗစ်တိုးရီးယားက “ဒါဟာ ကြီးမားတဲ့ပြဿနာမဟုတ်ဖို့တော့ ကျနော်မျှော်လင့်ပါတယ်။ အခုတော့ ဒီအခြေအနေကို ကျနော်လည်းမသိတဲ့အတွက် တစ်ခုခုပြောဖို့ စောလွန်းသေးတယ်လို့ထင်ပါတယ်။ အရမ်းကြီး ပြင်းထန်တဲ့ ဒဏ်ရာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ဆာလက်အမြန်ဆုံးပြန်ကောင်းနိုင်မလားဆိုတာ စောင့်ကြည့် ကြတာပေါ့”လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေခဲ့ပါတယ်။

ဆာလက်ဟာ ပွဲအပြီးမှာ သူ့ကိုမေးမြန်းဖို့ စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေကို စကားပြောဆိုခြင်း မရှိပေမယ့် ပြုံးပြပြီး အခက်အခဲမရှိ လမ်းလျှောက်ထွက်ခွာသွားတာကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ အီဂျစ်အသင်းဟာ ဂါနာအသင်းနဲ့ပွဲမတိုင်ခင် ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ မိုဇမ်ဘစ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာပါ။ ဒီပွဲမှာတော့ ဆာလက်ဟာ အီဂျစ်အသင်းအတွက် အဖိုးတန်ချေပဂိုးကို ပွဲချိန် ၉၇ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် အီဂျစ်အသင်းဟာ အုပ်စုတွင်းပွဲစဉ် ၂ ပွဲကစားအပြီးမှာ ရမှတ် ၂ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေကာ ဂါနာအသင်းကတော့ ၂ ပွဲကစားအပြီးမှာ ရမှတ် ၁ မှတ်သာ ရရှိထားတာပါ။ အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၂ ရက်မှာ ကိတ်ဗာဒီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC