CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၅

လီဗာပူးလ် တိုက်စစ်မှူး ဆာလတ်ကတော့ စာရင်းရှင်းစရာတွေ ရှိနေပြီလို့ ရီးရယ်လ်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် သတိပေးလိုက်ပါတယ်။

ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်မှာ မန်စီးတီးအသင်းကို အံအားသင့်ဖွယ် ကောင်းအောင် အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ရီးရယ်လ် အသင်းဟာ မေလ(၂၈) ရက် ပဲရစ်မှာ ကစား မယ့် ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီနှစ်သင်းဟာ (၂၀၁၈) ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ပြီး အဲဒီတုန်းက ရီးရယ်လ်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ပထမပိုင်းမှာ ရာမို့စ်ရဲ့ ဆွဲလှဲချမှုကြောင့် ဆာလတ်ဟာ ပခုံးဒဏ်ရာ ရရှိသွားခဲ့ပြီး ဆက်မကစားနိုင်တော့လို့ ပထမပိုင်းမှာ လူစားလဲခံခဲ့ရတာပါ။အီဂျစ်လက်ရွေးစင်ကတော့ ရီးရယ်လ် အသင်းကို လက်စားပြန်ချေဖို့ သူ့ရဲ့ စိတ်ထဲမှာ တွေးထားတာဖြစ်ပါတယ်။မန်စီးတီးအသင်းကို အနိုင်ရပြီး ရီးရယ်လ်အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်နိုင်ပြီးနောက် ဆာလတ်က “ကျနော်တို့မှာ စာရင်းရှင်းစရာတွေရှိနေပြီ”လို့ တွစ်တာမှာ ရေးတင်ခဲ့တာပါ။

ဆာလတ်ဟာ ဗီလာရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်အပြီး အင်တာဗျုးမှာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ချင်တယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။

ဆာလတ်က “ကျနော် ရီးရယ်လ်အသင်းနဲ့ ကစားချင်ပါတယ်။ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ မေးတယ်ဆိုရင်တော့ ရီးရယ်လ်အသင်းနဲ့ ကစားရမှာ ပိုကြိုက်နှစ်သက်တယ်လို့ ပြောချင်ပါတယ်။သူတို့နဲ့ ဗိုလ်လုပွဲမှာ တွေ့ခဲ့တုန်းက ကျနော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။အဲဒါကြောင့် သူတို့နဲ့ ကစားချင်ပြီး အနိုင်ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း”ပြောထားခဲ့ တာပါ။

(၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဆာလတ်ကို ဒဏ်ရာရရှိအောင် လုပ်ဆောင်ခဲ့တဲ့ ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် ဆာလတ်ကတော့ ဒီရှုံးကြွေးကို လက်စားပြန်ချေဖို့ စိတ်အား ထက်သန်နေတာပါ။လီဗာပူးလ် အသင်းဟာ ဒီရာသီ ဆုဖလား(၄) လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး ရီးရယ်လ်အသင်းက လာလီဂါဖလားရရှိပြီးဖြစ်တာကြောင့် ဆုဖလား နှစ်လုံးရယူနိုင်မယ့် မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။

Source:Metro