CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

လီဗာပူးလ်အသင်းဟာ ဆာလတ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခု နွေရာသီမှာ ရောင်းချဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ မကြာသေးခင် ရက်ပိုင်းကမှ အဓိကတိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ ပါတယ်။

ဆာလတ် ဟာ မာနေးလိုပဲ လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အန်ဖီးလ် ကလပ်ဟာ အလွတ်နဲ့ ဆုံးရှုံးရမယ့်အစား ငွေကြေးရအောင် ရောင်းရဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဆာလတ် ဟာ ဗန်ဒိုက်နဲ့အတူ လီဗာပူးလ်အသင်းမှာ တစ်ပတ်ပေါင် ၂ သိန်း ၄ သောင်း ရရှိနေပြီး အသင်းရဲ့ လစာအများဆုံး ရတဲ့ ကစားသမားတွေအဖြစ် ရပ်တည်နေတာပါ။

ဒါပေမယ့် ဆာလတ် ကတော့ ပရီးမီးယားလိဂ် လစာ အများဆုံးရ ကစားသမားတွေနဲ့ လစာတန်းတူ ရရှိချင်နေတာ ဖြစ်ပါ တယ်။

ဆာလတ် ဟာဆိုရင် မန်စီးတီး၊ ချယ်လ်ဆီး တို့မှာရှိတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ လစာတွေကို သတိပြုမိပြီး တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် ရရှိချင်နေတာပါ။ ဒါဟာ လီဗာပူးလ်အသင်းရဲ့ လက်ရှိ လုပ်ခလစာ ဖွဲ့စည်းပုံကို ပျက်ပြားစေမယ့် အရာ ဖြစ်တယ်လို့ သိရပါတယ်။

မာနေးနဲ့ ဆာလတ် ကိုတွေ့ရစဉ် (GETTY IMAGES)

ဆာလတ် ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်က လီဗာပူးလ်မှာ နောက်တစ်ရာသီ ဆက်နေမှာ သေချာတယ်လို့ ပြောခဲ့တာပါ။

The Sun သတင်းမှာ ရီးရယ်လ်အသင်းက ဆာလတ် ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ ပေးချေခဲ့မယ်ဆိုရင် လီဗာပူးအသင်းအနေနဲ့ ဆာလတ် ကို ရောင်းချဖို့ အလေးအနက်ထား စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရင်တုန်းက ဆာလတ် ဟာ စပိန်မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးပြီး ရီးရယ်လ်အသင်းက ဘတ်ပီ ကို လက်လွှတ်ခဲ့ရတဲ့ အတွက် အီဂျစ်အသင်း ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနိုင်တာပါ။

လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်စ် ကို အားဖြည့်ထား ပါတယ်။

၂၀၁၇ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ် ဟာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲ ပါဝင်ကစားထား ပြီး ၁၅၆ ဂိုး သွင်းယူထားတာပါ။

ဆာလတ် ဟာဆိုရင် လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်း၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro