CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

၂၀၂၂ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်နဲ့ မြဝတီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တာမှာ ရန်ကုန် ယူနိုက်တက်အသင်းက အနိုင်ရရှိ သွားခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်က ကစားခဲ့တဲ့ ဒီပွဲမှာ ရန်ကုန်ယူနိုက်တက် အသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်း ကြား ကစားသမား ကွာဟချက် ကြီးမားခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းက သိသိသာသာ အသာစီး ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ လမင်းထွေးက ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုး စတင် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ အခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် ၃၇ မိနစ်မှာ ထက်ဖြိုးဝေက သွင်းယူခဲ့တာပါ။ အဲ့ဒါကြောင့် ပထမပိုင်း အပြီးမှာ ရန်ကုန်ယူနိုက်တက်အသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား (YUFC)

ဒုတိယပိုင်းမှာတော့ ရန်ကုန်ယူနိုက်တက်က နောက်ထပ် ဦးဆောင်ဂိုးရဖို့ ကြိုးစားခဲ့သလို မြဝတီအသင်းက ချေပဂိုးရဖို့ အားထုတ်ခဲ့တာပါ။ ဒါပေမယ့် နှစ်သင်းစလုံး ဂိုးသမားတွေ လက်စွမ်း ပြသနိုင်ခဲ့တာကြောင့် ပထမပိုင်း ရလဒ်အတိုင်းပဲ ပွဲပြီးဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

အဓိက ကစားသမား အများအပြားကို အားဖြည့်ထားပြီး ချန်ပီယံဆုရဖို့ ပစ်မှတ်ထားနေတဲ့ ရန်ကုန်ယူနိုက်တက် အတွက် တော့ အဖွင့်ပွဲစဉ်မှာ ၃ မှတ်ရပြီး အဖွင့်လှသွားခဲ့တာပါ။

ဇွန်လ ၂၆ ရက်မှာတော့ မြန်မာနေရှင်နယ်လိဂ် နောက်ထပ် ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီ ယူနိုက်တက် အသင်းနဲ့ ဧရာဝတီ ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။