CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆
 
၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းက ဟံသာဝတီယူနိုက်တက်နဲ့ ဧရာတီယူနိုက်တက်တို့ ကစားခဲ့ကြပါတယ်။  ဒီပွဲမှာ ဟံသာဝတီ ယူနိုက်တက် အသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 
နောက်ဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒုတိယနဲ့ တတိယ ရရှိခဲ့တဲ့ ၂ သင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဟံသာဝတီယူနိုက်တက်က ပိုပြီး အသာစီး ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သွင်းဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာ ရယူနိုင်ခဲ့တာပါ။
 
ပွဲချိန် ၈ မိနစ်မှာ စိုးကျော်ကျော်က ပင်နယ်တီကနေ ဟံသာဝတီအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဂိုးရပြီး သိပ်မကြာခင် ပွဲချိန် ၁၃ မိနစ်မှာ ဟံသာဝတီအသင်း ညီညီအောင်ရဲ့ သွင်းဂိုးကြောင့် နောက်ထပ် ဂိုးရခဲ့ပါတယ်။
 
 
ဒုတိယပိုင်းမှာတော့ နှစ်ဖက် ကစားသမားတွေ ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် ဂိုးမရတော့တဲ့ အတွက် ပထမပိုင်း ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲစဉ် ၁ ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်က မြဝတီအသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။
 
ဇွန်လ ၂၇ ရက်မှာတော့ ပွဲစဉ် ၁ ရဲ့ တတိယမြောက် ပွဲစဉ်အဖြစ် မဟာယူနိုက်တက်နဲ့ ရှမ်းယူနိုက် တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။