CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀

အခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်ကလပ်အသင်း ၁၀ သင်းနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

ပါဝင်ယှဉ်ပြိုင်မယ့် အသင်း ၁၀ သင်းကတော့ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ရတနာပုံအက်ဖ်စီ၊ရခိုင်ယူနိုက်တက်၊မဟာယူနိုက်တက်၊မြဝတီအက်ဖ်စီ၊ISPE FC နဲ့ GFA FC တို့ ပါဝင်ယှဉ်ပြိုင်သွားကြမှာပါ။

ဒီပြိုင်ပွဲရဲ့ ပထမအကျော့ပွဲစဉ်တွေကို ဇွန်လ ၂၅ ရက်ကနေ သြဂုတ်လ ၂၅ ရက် အထိ ကျင်းပသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ စက်တင်ဘာလ ၃ ရက်ကနေ နိုဝင်ဘာလ ၆ ရက် အထိ ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်တွေအားလုံးကို သုဝဏ္ဏကွင်းမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။

ပွဲစဉ် (၁) အဖြစ် မြဝတီအက်ဖ်စီနဲ့ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်၊ မဟာ ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်၊ ISPE FC နဲ့ ရခိုင်ယူနိုက်တက်၊ GFA FC နဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။

ပွဲစဉ် (၂) မှာတော့ ဟံသာဝတီယူနိုက်တက်နဲ့ မဟာယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နဲ့ ရခိုင်ယူနိုက်တက်၊ မြဝတီအက်ဖ်စီနဲ့ ISPE FC ၊ ရှမ်းယူနိုက်တက်နဲ့ GFA FC ၊ ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၂၀ အောက်တိုဘာလက နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး ၂ နှစ်နီးပါးအကြာမှ ပြန်လည်ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းက ချန်ပီယံဆု ၅ ကြိမ် ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာပါ။

ရတနာပုံအသင်းက ၄ ကြိမ်နဲ့ ဒုတိယ၊ ရှမ်းယူနိုက်တက်အသင်းက ၃ ကြိမ်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။