အခွန်ရှောင်လို့ ဆိုင်းငံ့ထောင်ဒဏ် ၂၂ လ အီတူး ချမှတ်ခံရ

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုကို ၄ ကြိမ် ရရှိခဲ့တဲ့ အီတူးကို ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ် အချိန်က အခွန်ရှောင်ခဲ့တယ်ဆိုပြီး စပိန်တရားရုံးက ဇွန်လ ၂၀ ရက်နေ့က ဆိုင်းငံ့ထောင်ဒဏ် ၂၂ လ ချမှတ်ခဲ့ပါတယ်။

အီတူးက “ကျနော် အဖြစ်မှန်ကိုဝန်ခံပြီး ပေးချေရမယ့်ငွေကို ပေးပါ့မယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ကျနော်ဟာ ကလေး တစ်ယောက်လိုပဲ ရှိသေးပြီး ကျနော့်ရဲ့ ဖခင်လိုပဲ ယူဆခဲ့တဲ့ အေးဂျင့်ဟောင်း မာဆယ်လတ်စ် လုပ်ခဲ့တဲ့ အရာတွေကိုပဲ အမြဲတမ်း လုပ်ခဲ့တာပါ”လို့ တရားရုံးကို ထွက်ဆိုခဲ့ပါတယ်။

အီတူးဟာ ဘာစီလိုနာရှိ တရားရုံးကို အေးဂျင့်ဟောင်းဖြစ်သူ မာဆယ်လတ်စ်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အေးဂျင့်ဖြစ် သူကတော့ ဆိုင်းငံ့ထောင်ဒဏ် ၁၂ လနဲ့ ဒဏ်ကြေးငွေ ချမှတ်ခံခဲ့ရပါတယ်။

အီတူးဟာ သူ့ရဲ့ ပုံရိပ်အသုံးပြုခွင့်ကို ဟန်ဂေရီအခြေစိုက် ကုမ္ပဏီတစ်ခုကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဥရောပနိုင်ငံတွေထဲမှာ အခွန်နှုန်းထား အနိမ့်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အဆိုပါနိုင်ငံမှာ သူ့ရဲ့ဝင်ငွေကို ကြေညာခဲ့တာလို့ တရားရုံးမှာ ကြားနာခဲ့ ပါတယ်။

ကင်မရွန်းလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီတူးဟာ ဘာစီလိုနာအသင်းမှာ ကစားနေချိန် ပုံရိပ်အသုံးပြုခွင့်တွေနဲ့ ပတ်သက်ပြီး ပေါင် ၃.၂ သန်း အခွန်ရှောင်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

တရားရုံးမှာ တွေ့ရသည့် အီတူ(Sports)

ဒီဝန်ခံချက်ကြောင့် အီတူးဟာ ဒဏ်ကြေးငွေ ပေါင် ၁.၅၅ သန်းအပြင် အကြွေးတွေလည်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ အီတူး ဟာ ၂၀၀၆ ကနေ ၂၀၀၉ အထိ ပုံရိပ်အသုံးပြုခွင့်ကနေ ရတဲ့ဝင်ငွေကို ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။

နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ မက်ဆီ၊ မော်ရင်ဟိုနဲ့ နေမာတို့ကလည်း စပိန်မှာ အခွန်ရှောင်တယ်လို့ စွပ်စွဲ ခံထားရပြီး အီတူးက ဒီစာရင်းမှာ နောက်ဆုံးအနေနဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အီတူးဟာ ဘာစီလိုနာအသင်းကို အသက် ၂၃ နှစ်အရွယ် ၂၀၀၄ မှာ ရောက်ရှိလာခဲ့တာပါ။ သူဟာ ရီးရယ်လ်၊ အင်တာမီလန်၊ ချယ်လ်ဆီးနဲ့ အဲဗာတန် အသင်းတွေမှာလည်း ကစားခဲ့ပြီး ၂၀၁၉ မှာ ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

အီတူးဟာ ကလပ်ကစားသမားဘဝမှာ ချန်ပီယံလိဂ် ၃ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့ပြီး လက်ရွေးစင် ကစားသမားသမား ဘဝမှာလည်း အာဖရိကဖလား ၂ ကြိမ်နဲ့ အိုလံပစ်ရွှေတံဆိပ် ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

Source: BBC