CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေအတွက် ရုံးတင်စစ်ဆေးတာကို စောင့်ဆိုင်းနေတဲ့ ရိုင်ယန် ဂစ်ဟာ ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။

ရိုင်ယန်ဂစ်က “အများကြီးစဉ်းစားပြီးနောက်မှာ ဝေးလ်စ်လက်ရွေးစင်နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။နိုင်ငံအသင်းကို ကိုင်တွယ်ရတာ ဂုဏ်ယူစရာပါပဲ။ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုင်ငံရဲ့ပြင်ဆင်ချိန်မှာ ကျနော့်ကြောင့် ထိခိုက်မှာကို မလိုလားပါဘူး။သူတို့နဲ့အတူတူ ခရီးဆက်မလျှောက်နိုင်တော့လို့ စိတ်မကောင်းပါ ဘူး”လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရိုင်ယန်ဂစ်ဟာ ၂၀၁၈ မှာ ဝေးလ်စ်အသင်းရဲ့ နည်းပြရာထူးကို စတင်တာဝန်ယူခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ ကတည်းက အမှုကိစ္စတွေကြောင့် အသင်းကို မကိုင်တွယ်နိုင်ခဲ့တော့တာပါ။ယူနိုက်တက်ဂန္တဝင်ဟာ သြဂုတ်လ ၈ ရက်မှာ အမှုအတွက် ရုံးတင်စစ်ဆေးခံရတော့မှာဖြစ်ပါတယ်။ရိုင်ယန်ဂစ်ဟာ ချစ်သူဟောင်းဖြစ်သူကို ချုပ်ကိုင်ပြီး အတင်း အကြပ်ပြုလုပ်မှု၊ခန္ဓာကိုယ်ထိခိုက်အောင် နှိပ်စက်မှုတွေနဲ့ စွဲချက်တင်ခံထားရဖြစ်ပေမယ့် သူကတော့ ဒါကို ငြင်းဆို ထားတာပါ။

ရိုင်ယန်ဂစ်မကိုင်တွယ်နိုင်ချိန်မှာ ဝေးလ်စ်အသင်းကို ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ ရောဘတ်ပေ့ချ်က ၁၉၅၈ နောက်ပိုင်းပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ ရိုင်ယန်ဂစ်က ကမ္ဘာ့ဖလားမတိုင်ခင် သူ့ရာထူးကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ကလည်း ရိုင်ယန်ဂစ်လုပ်ဆောင်ပေးခဲ့တဲ့အရာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ၂၀၁၉ ကတည်းက ရိုင်ယန်ဂစ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရောဘတ်ပေ့ချ်ဟာ ဝေးလ်စ်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်ကိုင်တွယ်ခွင့်ရဖွယ်ရှိနေတာပါ။

ရောဘတ်ပေ့ချ်ဟာ ဝေးလ်စ် အသင်းကို ယာယီနည်းပြအဖြစ် စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလကနေ အခုအချိန်ထိ ပွဲပေါင်း ၂၆ ပွဲ ကိုင်တွယ်ထားရာ ၁၀ ပွဲအနိုင်၊ ၉ ပွဲသရေနဲ့ ၇ ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၆၄ နှစ်အကြာမှ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့တဲ့ ဝေးလ်စ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်၊ အမေရိကန်၊အီရန်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal