CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂
ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုဗင်ထရီအသင်းဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုပန်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ကိုဗင်ထရီအသင်းဟာ ၂၅ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်လို့ အပြောင်း အရွှေ့ ဈေးကွက်မှာ သူတို့ရဲ့ ရည်မှန်းချက် ကြီးမားမှုကို ပြသနိုင်ဖို့ ရှိနေတာပါ။
ကိုဗင်ထရီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ အွန်ယီကာကို အပြီးသတ်ဝယ်ယူတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖရန့်လမ်းပတ် ကိုင်တွယ်နေတဲ့ အသင်းဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အိုပန်ဒါအတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ဖို့ စိတ်ဝင်စားနေတာပါ။
အိုပန်ဒါဟာ လိုက်ပ်ဇစ်အသင်းအတွက် ကစားခဲ့တဲ့ ၉၃ ပွဲမှာ ၄၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာလည်း ဒီပုံစံအတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

အိုပန်ဒါကို တွေ့ရစဉ်
ဒါပေမယ့် အိုပန်ဒါဟာ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး လူစားဝင်အဖြစ်သာ ပွဲ အများအပြား ကစားခဲ့ရသလို ၂ ဂိုးသာ သွင်းယူထားနိုင်တာပါ။
ဂျူဗင်တပ်စ်အသင်းဟာ အိုပန်ဒါကို ယူရိုသန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူရမှာဖြစ်လို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အိုပန်ဒါကို ဝယ်ယူပြီးရင် သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။
ကိုဗင်ထရီအသင်းကတော့ အိုပန်ဒါကို ကနဦး အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းပြီးမှ စာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ထည့်သွင်းဖို့ရှိနေတာပါ။
ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကိုဗင်ထရီအသင်းရဲ့ ကမ်းလှမ်းမှုကို စဉ်းစားဖို့ ရှိ၊မရှိက စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
အိုပန်ဒါကို ကိုဗင်ထရီအသင်းအပြင် ပြင်သစ်နဲ့ ဂျာမနီ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: Sportsmole
