CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၅

ဗီယက်နမ် နိုင်ငံမှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာယူ-၂၃ အသင်းရဲ့ အပြီး သတ် လူစာရင်းကို နည်းပြချုပ် ပိုပေါ့ဗ်က မေလ ၅ ရက်က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာယူ-၂၃ အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ သက်ကျော် ကစားသမား ၃ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦးကို ရွေးချယ် ထားတာပါ။ သက်ကျော် ကစားသမားတွေအဖြစ် နောက်ခံလူ ဝင်းမိုးကျော်၊ တိုက်စစ်မှူး မောင်မောင်လွင်နဲ့ အောင်ကောင်း မာန်တို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။


ဒါ့အပြင် ဂိုးသမား ၂ ဦးဖြစ်တဲ့ အောင်ကိုလတ်နဲ့ သူရကျော်၊ တိုက်စစ်မှူးတွေဖြစ်တဲ့ ရဲရင့်အောင်နဲ့ ရာဇာအောင် တို့ကိုလည်း အရန်သင့် အစားထိုးမယ့် ကစားသမားတွေအဖြစ် ထပ်ပေါင်း ရွေးချယ်ထားတာပါ။ သူတို့ဟာ အသင်းနဲ့ ဆက်လက် ပူးပေါင်း ပြီး လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းရဲ့ အပြီးသတ် လူစာရင်းကတော့ ဂိုးသမားနေရာမှာ ပြည့်ဖြိုးသူနဲ့ ပြည့်ဖြိုးအောင် နောက်တန်းမှာ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ ဝင်းမိုးကျော်၊ သက်ပိုင်ထွေးနဲ့ အောင်ဝဏ္ဏစိုး တို့ ပါဝင်နေတာပါ။

မြန်မာအသင်း နည်းပြ ပိုပေါ့ဗ် (MFF)

ကွင်းလယ်မှာ ဇော်ဝင်းသိန်း၊ လွင်မိုးအောင် ၊ လင်းထက်စိုး၊ ဝေလင်းအောင်၊ ရန်ကျော်စိုး၊ ရဲလင်းထက်နဲ့ မြတ်ကောင်းခန့် ရှေ့တန်းမှာတော့ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း၊ မောင်မောင်လွင်၊ အောင်ကောင်းမာန်နဲ့ ဟိန်းထက်အောင် တို့ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော တို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတာပါ။ မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ် အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မေလ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီမှာ အရှေ့တီမော အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။