CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၄

(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ဗီယက်နမ်ကို ရောက်ရှိနေတဲ့ မြန်မာယူ-၂၃ အသင်းဟာ လေ့ကျင့်ရေး အစီအစဉ်တွေကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ဗီယက်နမ်ကို မရောက်ခင် ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ သွားရောက် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်ကို မေလ ၁ ရက်က ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြည်ပ လိဂ်တွေမှာ ကစားနေတဲ့ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်နဲ့ ဆမ်လန်မန် တို့ကတော့ မေလ ၂ ရက်ကမှ အသင်းနဲ့ ပူးပေါင်း ခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ မေလ ၃ ရက်မှာ ဗီယက်ထရွိုင်မြို့ Bal Bang Field လေ့ကျင့်ရေးကွင်းမှာ ပဏာမရွေးချယ်ထားတဲ့ ကစားသမား အစုံအလင်နဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ စတင်ပြုလုပ်သွားခဲ့တာပါ။

မြန်မာယူ-၂၃ အသင်းကို သက်ကျော် ကစားသမား ၇ ဦး အပါအဝင် ပဏာမ လက်ရွေးစင် ကစားသမား ၂၉ ဦးနဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။

အပြီးသတ် လူစာရင်းကိုတော့ မေလ ၅ ရက်မှာ ကြေညာသွားမှာ ဖြစ်တယ်လို့ မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ် က အတည်ပြုထားတာပါ။ မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ လေ့ကျင့်ရေး ဆင်းနေတဲ့ မြန်မာယူ-၂၃ (MFF)

ဆီးဂိမ်းစ် အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မြန်မာယူ-၂၃ အသင်းဟာ မေလ ၈ ရက်မှာ အရှေ့တီမော၊ မေလ ၁၀ ရက်မှာ ဖိလစ်ပိုင်၊ မေလ ၁၃ ရက်မှာ အိမ်ရှင် ဗီယက်နမ်နဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၅ ရက်မှာ အင်ဒိုနီးရှား အသင်းတို့နဲ့ ယှဉ်ပြိုင် ရမှာပါ။

ပိုပေါ့ဗ် ဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲမှာလည်း မြန်မာယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ကိုင်တွယ် ခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယား အသင်းကို တတိယလုပွဲမှာ အနိုင်ရကာ ကြေးတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအဖြစ် ၂၀၀၇ က ထိုင်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ နဲ့ ၂၀၁၅ က စင်ကာပူမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။