CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် မြန်မာအသင်းရဲ့ အပြီးသတ် လူစာရင်းကို မေလ ၅ ရက်မှာ တရားဝင် ကြေညာသွားမယ်လို့ မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ်က ပြောလိုက် ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ စခန်းသွင်း လေ့ကျင့်နေတာ ဖြစ်ပြီး ပဏာမလက်ရွေးစင်အဖြစ် ကစားသမား ၂၉ ဦးကို ရွေးချယ်ထားတာပါ။ မြန်မာအသင်းဟာ ဒီပြိုင်ပွဲအတွက် ၂၀၂၁ ခုနှစ် နှစ်စကတည်းက လေ့ကျင့်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းကို ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ စိုးမိုး ကျော် အစရှိတဲ့ ကစားသမားတွေကို အခြေခံထားတာပါ။

ယူ-၁၉ အသင်းကနေ ထွက်ပေါ်လာတဲ့ မျိုးဆက်သစ် ကစားသမားတွေကိုလည်း ဒီပမာဏစာရင်းထဲမှာ ထည့်သွင်းပြီး ပေါင်းစပ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲဟာ အသက် ၂၃ နှစ်အောက် ပြိုင်ပွဲဖြစ်ပေမယ့် အသက်ကျော် ကစားသမား ၃ ဦးကို ထည့်သွင်းခွင့် ပြုထားတာကြောင့် မြန်မာယူ-၂၃ အသင်းမှာ အသက်ကျော် ကစားသမား ၈ ဦးကို ပဏာမ လူစာရင်းထဲ ရွေးချယ်ထားတာပါ။

မြန်မာအသင်းကိုတွေ့ရစဉ်(MFF)

အသက်ကျော် ကစားသမားတွေအဖြစ် မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်၊ ဆမ်လန်မန်၊ ဝင်းမိုးကျော်၊ ရဲမင်းသူ၊ အောင်နိုင်ဝင်းနဲ့ သန်းပိုင်တို့ကို ပဏာမရွေးချယ်ထားတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားလိဂ်မှာ သွားရောက်ကစားနေတဲ့ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်နဲ့ ဆမ်လန်မန် တို့ကတော့ လိဂ်ပြိုင်ပွဲတွေ ရှိနေတဲ့အတွက် ပြိုင်ပွဲမတိုင်ခင်မှ ဗီယက်နမ်ကို လာရောက်ပြီး ပူးပေါင်းလေ့ကျင့်မှာပါ။

မြန်မာယူ-၂၃ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှာ၊ ဖိလစ်ပိုင်၊ အရှေ့တီမော တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဆီးဂိမ်းစ် အုပ်စုပွဲစဉ်တွေအဖြစ် မေလ ၈ ရက်မှာ အရှေ့တီမော၊ ၁၀ ရက်မှာ ဖိလစ်ပိုင်၊ ၁၃ ရက်မှာ ဗီယက်နမ်နဲ့ ၁၅ ရက်မှာ အင်ဒိုနီးရှား အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

မြန်မာ အသင်းဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကမ္ဘောဒီးယား အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကြေးတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။