CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

ယာယီနည်းပြ ရက်ဂ်နစ် က ပေါ့ဘာ ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် နောက်ဆုံးပွဲကစားခဲ့ပြီး နွေရာသီမှာ အသင်းက ထွက်ခွာတော့မယ်လို့ ပြောလိုက်ပါတယ်။

ပေါ့ဘာ ဟာ လီဗာပူးလ် အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲရဲ့ ပွဲချိန်(၁၀)မိနစ်မှာပဲ ဒဏ်ရာရရှိသွားခဲ့တာ ကြောင့် လူစားလဲခဲ့ရတာပါ။ ပေါ့ဘာ ဟာ အဆိုပါဒဏ်ရာကြောင့် အနည်းဆုံး(၄)ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြင်သစ်ကစားသမားဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်မရှိတော့ဘူးလို့ နည်းပြ ရက်ဂ်နစ် က ပြောခဲ့တာပါ။ ဒါ့အပြင် ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အခုအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတဲ့အတွက် ပေါ့ဘာ ဟာ လာမယ့်ရာသီ ဒီမှာ ရှိနေ တော့မှာ မဟုတ်ဘူးလို့ ရက်ဂ်နစ် က ပြောခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ပေါ့ဘာ ဟာ (၂၀၁၂)က ဂျုဗင်တပ်စ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။(၂၀၁၆)မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနဲ့ ဂျုဗင်တပ်စ် ကနေ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ရက်ဂ်နစ် က “သူ ရာသီကုန်တဲ့အထိ အသင်းအတွက် ပြန်ကစားပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ သူပြန် ကစားနိုင်မယ် လို့ကို ကျနော် မထင်ထားတာပါ။ သူဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်တော့မှာ မဟုတ်တော့ပါဘူး။ ကလပ်အသင်းနဲ့ နည်းပြသစ် အဲရစ်ကလည်း သူ့ကို စာချုပ်သက်တမ်းတိုးချင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် နောက်ရာသီ သူဒီမှာ ရှိတော့မှာမဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

ဒါ့အပြင် ရက်ဂ်နစ် က “သူဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာတော့ အခြားကစားသမားအနည်းငယ်လိုပဲ ကွင်းထဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ရုန်းကန်နေရပါတယ်။ ဒါက ဒီရာသီ ဒါမှမဟုတ် ပြီးခဲ့တဲ့ ရက်သတ္တပတ်(၂)ပတ်လောက်က ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ မှတ်မိသလောက်တော့ အရင်နှစ်တွေကလည်း ဒီလိုပဲဖြစ်တယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကို ယူရိုပါလိဂ်နဲ့ ကာရာဘောင်းဖလားရရှိအောင်သာ ကူညီပေးနိုင်ခဲ့တဲ့ ပေါ့ဘာ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ အသင်းဟောင်း ဂျုဗင်တပ်စ် အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Source:Metro