CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃

ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန် ဟာ အမည်မသိအမျိုးသားတစ်ဦးကို လေယာဉ်ပေါ်မှာ ကြိမ်ဖန်များစွာ ထိုးနှက်နေပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လာခဲ့တဲ့အပေါ် လေကြောင်း ခရီးသွား ဖော်တစ်ဦး သူ့ကို ရေဘူးနဲ့ ပစ်ပေါက်လိုက်တဲ့အတွက် မိုက်တိုင်ဆန်က ပြန်လည်ထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ရဲတွေကို စေလွှတ်ပြီး လူ(၂)ဦးကို ယာယီထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။လူတစ်ဦးကိုတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆန်ဖရန်စစ္စကို လေဆိပ်မှာ ကုသခဲ့တာပါ။ အဆိုပါ(၂)ဦးလုံးကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ ဆိုင်းငံ့ထားချိန်အတွင်းမှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဆန်ဖရန်စစ္စကို ကနေ ဖလော်ရီဒါကို မထွက်ခွာခင် ဗုဒ္ဓဟူးနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ TMZ က ထုတ်လွှင့်ခဲ့တဲ့ ဒီဗီဒီယိုမှာ ဖြစ်ပွားခဲ့တဲ့ အခင်းအကျင်းတစ်ခုလုံးကို မပြသခဲ့သလို ရေသန့်ဘူးကိုလည်း ဒီထဲမှာ မတွေ့မြင်ခဲ့ရပါဘူး။TMZ ရဲ့ ဖော်ပြမှုအရ မိုက်တိုင်ဆန် ဟာ လေယာဉ်အစပိုင်းမှာ ခရီးသည်နဲ့ ဓါတ်ပုံ ရိုက်ဖို့ သဘောတူညီခဲ့တာပါ။မိုက်တိုင်ဆန် က အေးအေးဆေးဆေး နေဖို့ တောင်းဆိုခဲ့ပေမယ့် အဆိုပါလူက ဆက်လက်နှောက်ယှက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုက်တိုင်ဆန် က အဆိုပါလူကို ထိုးကြိတ်နေချိန်မှာ အခြားသူတစ်ဦးက သူ့ကို တွန်းထုတ်ပြီး စိတ်တည်ငြိမ်မှု ရရှိအောင် ကြိုးစားနေသလို အခြားသူတစ်ဦးကလည်း “မိုက် ရေ ရပ်လိုက်ပါ”ဆိုပြီး ပြောနေတဲ့အသံလည်း ပါဝင်ခဲ့ပါတယ်။ မိုက်တိုင်ဆန် ထိုးကြိတ်ခဲ့တဲ့ ခရီးသည်ကတော့ မျက်နှာမှာ သွေးတွေထွက်နေခဲ့တာကိုလည်း အဲဒီဗီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရပါတယ်။

မိုက်တိုင်ဆန်အတွက်တော့ လက်ဝှေ့ကြိုးဝိုင်းထဲမှာရော အပြင်ဘက်မှာပါ ဒီလိုလုပ်ရပ်မျိုးလုပ်တာက အသစ် အဆန်းတော့မဟုတ်ပါဘူး။သူဟာ ၁၉၉၂ မှာ မုဒိမ်းမှုနဲ့ ထောင်(၃)နှစ်ကျခံခဲ့ရပြီး ၁၉၉၇ မှာတော့ ပြိုင်ဘက် ဖြစ်သူ ဟိုလ်ဖီး ရဲ့ နားရွက်ကို ကိုက်ခဲ့လို့ ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။

မိုက်တိုင်ဆန် ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘဝမှာ ပွဲပေါင်း (၅၈)ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း(၅၀)အနိုင်ရကာ (၆)ပွဲအရေးနိမ့်ခဲ့တာပါ။
မိုက်တိုင်ဆန် ဟာ လေယာဉ်ပေါ်မှာ ခရီးသွားဖော် ကို ထိုးကြိတ်ပြီးနောက် မိုင်ယာမီမှာ အပြုံးမပျက်ဘဲ ဓါတ်ပုံ ရိုက်ခံနေတယ်လို့တောင် The Sun က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source:BBC