CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆

ဗြိတိန်ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီက သရုပ်ပြထိုးသတ်ပွဲတွေမှာ မိုက်တိုင်ဆန်၊ The Rock တို့နဲ့ ထိုးသတ်ချင် တယ်လို့ ပြောလိုက်ပါတယ်။

တိုင်ဆန်ဗျူရီက “တကယ့်ထိုးသတ်ပွဲမဟုတ်တဲ့ သရုပ်ပြပွဲအချို့ကို ကျနော်လုပ်ဆောင်သွားပါမယ်။ ဖျော်ဖြေရေး အတွက်ပါပဲ။ဒါဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့ထိုးတာမျိုးမဟုတ်ဘဲ ဖျော်ဖြေရေးတစ်ခု၊ ဟောလီးဝုဒ်စတိုင် ဖျော်ဖြေမှုတွေလိုဖြစ်ပါတယ်။မိုက်တိုင်ဆန်၊လူးဝစ်၊ဖရန့်ခ်ဘရူနို ဘယ်သူနဲ့ဖြစ်ဖြစ် ထိုးသတ်ချင်တယ်။The Rock နဲ့ဆို အလွန်ကောင်းမှာပါ။ဘယ်သူနဲ့ ထိုးသတ်ဖြစ်မလဲဆိုတာ ခင်ဗျားဘယ်တော့မှသိမှာမဟုတ်ဘူး” လို့ ပြောခဲ့ တာဖြစ်ပါတယ်။

တိုင်ဆန်ဗျူရီဟာ ပြီးခဲ့တဲ့ ဧပြီလက ဝင်ဘာလေအားကစားကွင်းမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရပြီးနောက် ပရော် ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝက အနားယူပြီလို့ ထပ်ခါထပ်ခါပြောခဲ့တာပါ။

ဒါပေမယ့် အလွန်ကောင်းမွန် တဲ့ ကမ်းလှမ်းမှုရှိရင်တော့ သူပြန်လာမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။တိုင်ဆန်ဗျူရီဟာ အငြင်းပွားဖွယ်မရှိတဲ့ ဟဲဗီး ဝိတ်ချန်ပီယံဖြစ်ဖို့အတွက် ဂျိုရွှာနဲ့ အူဆက်ခ်တို့ပွဲက အနိုင်ရတဲ့သူနဲ့ ထိုးသတ်ဖို့ ရှိနေသေးတယ်လို့ လက်ဝှေ့ လောကက သုံးသပ်ထားကြတာပါ။

တိုင်ဆန်ဗျူရီဟာ UFC ဟဲဗီးဝိတ်ချန်ပီယံဖြစ်တဲ့ အန်ဂါနူနဲ့လည်း အကျိုးအမြတ်အများအပြားရမယ့် သရုပ်ပြပွဲ ထိုးသတ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားပြီးလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဗြိတိန်လက်ဝှေ့သမားဟာ ကလစ်ရှ်ကို ညီအစ်ကိုနှစ်ဦးနဲ့လည်း သရုပ်ပြပွဲစည်းမျဉ်းတွေအောက်မှာ ထိုးသတ်ဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြ သေးတာပါ။

မိုက်တိုင်ဆန်ဟာ ၂၀၀၅ က ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝက အနားယူခဲ့ပေမယ့် ၂၀၁၉ သရုပ်ပြပွဲ ထိုးသတ်ဖို့ ကြိုးဝိုင်ထဲ ပြန်လည်ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မိုက်တိုင်ဆန်ဟာ လက်ရှိအချိန်ထိ သရုပ်ပြပွဲ ၄ ပွဲထိုးသတ်ထားခဲ့ပြီး ၁ ပွဲသရေကျကာ ၃ ပွဲကတော့ ရလဒ်မထွက်ပေါ်ခဲ့ပါဘူး။

Source:Metro