CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

လက်ဝှေ့ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က တိုင်ဆန်ဗျူရီဟာ ဗြိတိန်တစ်နိုင်ငံတည်းသား ချီဆိုရာနဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ်မယ်လို့ အတည်ပြု လိုက်ပါတယ်။

ဖရန့်ခ်ဝါရမ်က “ထိုးသတ်မယ့် ပြိုင်ဘက်ကို ရဖို့အတွက် ၃ ပတ်၊ ၄ ပတ်လောက် ကြာမြင့်ခဲ့ရပေမယ့် အခုအချိန်မှာ တော့ အဆင့်အမြင့်ဆုံး ပြိုင်ဘက်ကို ရရှိထားပါတယ်။ သူကတော့ ချီဆိုရာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ် မှာပါ။ တိုင်ဆန်ဟာ ဒီနှစ်ထဲမှာ ၁ ပွဲသာ ထိုးသတ်ထားပြီး ဒီဇင်ဘာလမှာ အူဆက်ခ်နဲ့ ပွဲဖြစ်မယ်လို့ ကျနော်တို့ အမြဲတမ်း မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူက မထိုးသတ်ချင်သေးတဲ့အတွက် ဖေဖော်ဝါရီလမှာ ဒီပွဲကို ရနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်”လို့ IFL TV ကို ပြောခဲ့တာပါ။

တိုင်ဆန်ဗျူရီဟာ WBC ချန်ပီယံဆု ကာကွယ်ဖို့အတွက် အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆွေးနွေး မှုတွေဟာ ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချီဆိုရာနဲ့ ထိုးသတ်ဖို့ ဖြစ်လာခဲ့ပြီး ၂၀၁၁ နဲ့ ၂၀၁၄ မှာ တွေ့ဆုံခဲ့တဲ့ ၂ ကြိမ်စလုံး တိုင်ဆန်ဗျူရီကပဲ အနိုင်ရရှိထားတာပါ။

တိုင်ဆန်ဗျူရီနဲ့ ချီဆိုရာ ကိုတွေ့ရစဉ် (The Sun)

တိုင်ဆန်ဗျူရီဟာ ချီဆိုရာနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့တဲ့ ၂၀၁၁ ဇူလိုင်လတုန်းက အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ၁၂ ချီအထိ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး တိုင်ဆန်ဗျူရီက အမှတ်နဲ့ အနိုင်ရ ရှိခဲ့တာပါ။

၂၀၁၄ နိုဝင်ဘာလမှာ ဒုတိယအကြိမ် တွေ့ခဲ့တာမှာ တိုင်ဆန်ဗျူရီက ၁၀ ချီမြောက်မှာ ချီဆိုရာကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချီဆိုရာဟာ အခုနှစ် ဇူလိုင်လက ကူဘရက်ပူလပ်ဗ်နဲ့ ထိုးသတ်ခဲ့ပြီး အနိုင်ရယူကာ လက်ဝှေ့လောက က အနားယူပြီဖြစ်ကြောင်း ပြောခဲ့သေးတာပါ။

ဒါပေမယ့် တိုင်ဆန်ဗျူရီနဲ့ တတိယအကြိမ်မြောက် ထိုးသတ်ဖို့အတွက် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည် ဝင်ရောက် လာမှာဖြစ်ပြီး ကာဒစ်ဖ်မှာ ထိုးသတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၃၃ ပွဲ ထိုးသတ်ထားတာမှာ ၃၂ ပွဲအနိုင်ရပြီး ၁ ပွဲ သရေကျ ထားကာ ရှုံးပွဲမရှိတာပါ။ ချီဆိုရာ ကတော့ ၄၅ ပွဲ ထိုးသတ်ထားပြီး ၃၃ ပွဲအနိုင်ရကာ ၁၂ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: The Sun