CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီက သူနောက်ထပ် ထိုးသတ်မယ့် ပြိုင်ဘက်ကို လာမယ့်အပတ်မှာ ကြေညာ သွားမယ်လို့ ပြောခဲ့ပေမယ့် အူဆက်ခ် မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

တိုင်ဆန်ဗျူရီက “အူဆက်ခ်က နောက်ထပ် မထိုးသတ်ချင်တော့ဘူးလို့ ရုတ်တရက် ပြောလိုက်ပါတယ်။ သူက ဒီနှစ်မှာ မဟုတ်ဘဲ နောက်နှစ်မှာ ထိုးသတ်ချင်နေတာပါ။ ကျနော်ဘယ်သူ့ကိုမှ စောင့်ဆိုင်းနေမှာ မဟုတ်ပါဘူး။ လာမယ့်အပတ်မှာ ထိုးသတ်မယ့် ပွဲတစ်ပွဲကို ကြေညာသွားပါမယ်”လို့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ တိုင်ဆန်ဗျူရီဟာ ဧပြီလက ဒီလီယန်ဝှိုက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ လက်ဝှေ့ ကစားသမားဘဝက အနားယူသွားပြီလို့ ကြေညာခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသား အူဆက်ခ်ဟာ ပြီးခဲ့တဲ့လက အန်သိုနီဂျိုရွှာကို အနိုင်ရခဲ့ပြီး WBO, IBF နဲ့ WBA စတဲ့ ချန်ပီယံခါးပတ်တွေကို ဆက်လက်ထိန်း သိမ်းနိုင်ခဲ့တာပါ။

ဒီပွဲအပြီးမှာ အူဆက်ခ်နဲ့ တိုင်ဆန်ဗျူရီတို့ရဲ့ ပွဲစဉ်အကြောင်းကို လက်ဝှေ့အားကစား သုံးသပ်သူတွေနဲ့ ပွဲစီစဉ်သူ တွေက ပြောလာခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံခါးပတ်များနဲ့အတူ တွေ့ရတဲ့ တိုင်ဆန်ဗျူရီ

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ ပွဲစဉ်ကို ၂၀၂၃ မှာ ဖြစ်လာဖို့ ဆွေးနွေးမှုတွေ ရှိနေကြပါတယ်။ ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံဟာ အနာဂတ် WWE ပြိုင်ပွဲမှာ သေချာပေါက် ပါဝင်လာမယ်လို့ ပြောထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်ဆန်ဗျူရီက “လက်ရှိအချိန်မှာ ကျနော်ဟာ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ တစ်ယောက်ဖြစ်ပြီး လာမယ့် နှစ် အနည်းငယ်အတွင်းမှာ ထိုးသတ်ပွဲတွေ အများကြီးရှိနိုင်တဲ့အတွက် ကျနော်ဂရုစိုက်ရပါမယ်”လို့ ပြောပါတယ်။

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ပွဲပေါင်း ၃၃ ပွဲ ထိုးသတ်ခဲ့တာမှာ ရှုံးပွဲမရှိ ၃၂ ပွဲ အနိုင် ရကာ ၁ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။

ချန်ပီယံခါးပတ်တွေ ပေါင်းစည်းမယ့် ထိုးသတ်ပွဲနဲ့ ပတ်သက်ပြီး တိုင်ဆန်ဗျူရီက “ဒီနှစ်မှာတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ သေချာပါတယ်။ အခုအချိန်မှာ ကျနော်ဟာ ကျန်းမာရေး ကောင်းမွန်ပြီး ဒဏ်ရာတွေလည်း မရှိပါဘူး။ ဒါပေမယ့် ဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာလို့ ကုသမှုလိုပါတယ်။ ပြန်ကောင်းလာဖို့ ၂ လလောက်တော့ အချိန်ယူ ရမယ်”လို့ BBC ကို သောကြာနေ့က ပြောခဲ့ပါတယ်။

Source: BBC