CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

တိုင်ဆန်ဗျူရီဟာ အူဆက်ခ်နဲ့ ဂျိုရွှာတို့ ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ဒီဇင်ဘာလမှာ ဆော်ဒီမှာထိုးသတ်ဖို့ ညှိနှိုင်းနေတယ်လို့ သိရ ပါတယ်။

ဗြိတိန် ဟဲဗီးဝိတ် ချန်ပီယံဟာ ဧပြီလက ဝင်ဘာလေမှာ ဒီလီယန်ဝှိုက်ကို အနိုင်ရပြီးနောက် လက်ဝှေ့ကစား သမားဘဝက အနားယူပြီလို့ ပြောခဲ့ပေမယ့် ပွဲစီစဉ်သူတွေ အပါအဝင် အားကစား နယ်ပယ်မှာရှိတဲ့ သူတွေက တိုင်ဆန်ဗျူရီအနေနဲ့ အငြင်း ပွား ဖွယ်ရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆုအတွက် ပြန်လည် တိုက်ပွဲဝင်မှာလို့ ပြောခဲ့ပါတယ်။
တိုင်ဆန်ဗျူရီဟာ WBC ချန်ပီယံခါးပတ်ကိုသာ ပိုင်ဆိုင်ထားတာပါ။

အူဆက်ခ်ကတော့ ပြီးခဲ့တဲ့နှစ်က ဂျိုရွှာကို အနိုင်ရပြီး WBA, IBF, WBO ချန်ပီယံခါးပတ်တွေကို ရရှိထားသူ ဖြစ်ပြီးတော့ အူဆက်ခ်နဲ့ ဂျိုရွှာတို့ရဲ့ မကျေပွဲကို သြဂုတ်လ ဆော်ဒီမှာ ထိုးသတ်ဖို့ စီစဉ်ထားကြောင်း၊ လာမယ့် အပတ်မှာ တရားဝင် အတည်ပြုဖွယ် ရှိနေပါတယ်။\

အူဆက်ခ်၊ ဂျိုရွှာ

ဒေးလီးမေးလ်ကတော့ အရှေ့အလယ်ပိုင်းနိုင်ငံဟာ ဒီနှစ်ဦးထဲက အနိုင်ရသူနဲ့ တိုင်ဆန်ဗျူရီတို့ရဲ့ အငြင်းပွားဖွယ် မရှိတဲ့ လက်ဝှေ့ပွဲကို ကျင်းပနိုင်ဖို့အတွက် ပိုပြီးကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီပွဲကို ကာတာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မတိုင်ခင် တစ်ရက်အလိုဖြစ်တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ကျင်းပဖို့ အဆိုပြုဖွယ်ရှိနေ ပါတယ်။ ဆော်ဒီနိုင်ငံဟာ ဟဲဗီးဝိတ်သမိုင်းမှာ အကြီးအကျယ်ဆုံး ဖြစ်မယ့်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ စိတ်အား ထက် သန်နေပါတယ်။

အူဆက်ခ်နဲ့ ဂျိုရွှာတို့ရဲ့ ပွဲကတော့ လက်ရှိအချိန်မှာ လက်ဝှေ့လောကရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲအဖြစ် ရှိနေတာ လည်း ဖြစ်ပါတယ်။

လက်ဝှေ့ပွဲစီစဉ်သူ အက်ဒီဟန်းက “ အူဆက်ခ်ကို ရှုံးနိမ့်တာက ဘယ်တော့မှ ကြောက်စရာ မဟုတ်ပါဘူး။ တိုင်ဆန်ဗျူရီရဲ့ တိုက်ပွဲက အမြဲတမ်း ရှိနေပါတယ်။ ဒါပေမယ့်် အငြင်းပွားဖွယ်ရာမရှိတဲ့ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဆု အတွက်ပါ။ ဒါက အချိန် တိုင်းရဲ့ အကြီးမားဆုံး တိုက်ပွဲ ဖြစ်လာမှာပါ။ တကယ်လို့ ဂျိုရွှာကသာ အူဆက်ခ်ကို အနိုင်ရခဲ့မယ်ဆိုရင် အလိုအလျောက် ဖြစ်လာမယ့် တိုက်ပွဲကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ”လို့ The Sun ကို ပြောခဲ့ပါတယ်။

Source: Metro