CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

အင်္ဂလန်နဲ့ ဝေးလ်စ်က ပရိသတ် ၁,၃၀၀(တစ်ထောင်သုံးရာ)ကျော်ကို တားမြစ်မိန့်တွေ ချမှတ်ထားတာကြောင့် အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဗြိတိန်ပြည်ထဲရေးရုံးက ပြောလိုက်ပါတယ်။

“ဥပဒေချိူးဖောက်သူ လူနည်းစုတွေရဲ့အပြုအမူကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲအပေါ် ညှိုးနွမ်းစေမှာ ကို ကျမတို့ ခွင့်ပြုမှာမဟုတ်ဘူး” လို့ ပြည်ထဲရေးအတွင်းဝန် ဘရာဗာမန်က ပြောခဲ့တာပါ။ သောကြာနေ့မှာ စတင် အသက်ဝင်မယ့် အဆိုပါ စီမံချက်အသစ်ဟာ ဘောလုံးပွဲနဲ့ပတ်သက်ပြီး အကြမ်းဖက်သမိုင်းကြောင်းရှိ ပရိသတ် တွေကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ခြင်း ပိတ်ပင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ကွင်းအတွင်းကျူးကျော်ဝင်ရောက်မှုတွေဟာ သိသိသာသာကို မြင့်တက်ခဲ့တာပါ။အဲဒါကြောင့် ပရီးမီးယားလိဂ်ဟာ ရာသီသစ်မစတင်ခင် ဒီအပြုအမူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး အစီအမံတွေကို မိတ်ဆက်ခဲ့တာပါ။စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ ပရိသတ်တွေဟာ ထောင်ဒဏ် ၆ လ နဲ့ ဒဏ်ကြေးငွေ အကန့်အသတ်မရှိ ကျခံရနိုင်တယ်လို့ ပြည်ထဲရေးရုံးက သတိပေးထားတာ ဖြစ်ပါတယ်။

“အကြမ်းဖက်မှု၊ ခွဲခြားမှုနဲ့ ကမောက်ကမဖြစ်တဲ့အရာတွေကို ဒီမှာ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုရာဇဝတ် အပြုအမူကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ခံသွားမှာမဟုတ်ပါဘူး။ဒါကြောင့်လည်း ကျမတို့က ဒီလိုပြတ်သားစွာရှိတဲ့ ချဉ်းကပ်မှုမျိုးကို လုပ်ဆောင်နေတာပါ” လို့ ဘရာဗာမန်က ထပ်ပြီး ပြောခဲ့တာပါ။

အင်္ဂလန်ပရိသတ်တွေဟာ ပြိုင်ပွဲတိုင်းမှာ ပြဿနာတက်လေ့ရှိပြီး နာမည်ဆိုးနဲ့ ကျော်ကြားတာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဝေးလ်စ်တို့ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု B မှာ တစ်အုပ်စုတည်းကျရောက်နေပြီး နိုဝင်ဘာလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

Source:Reuters