CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေအနေနဲ့ ဂုဏ်ယူပြီး ပျော်ရွှင် စေရမယ်လို့ ပြိုင်ပွဲကျင်းပမယ့် ကာတာနိုင်ငံအရောက်မှာ ပြောလိုက်ပါတယ်။

ဟာရီကိန်းက “ကျနော်အလွန်စိတ်လှုပ်ရှားနေပါတယ်။ကမ္ဘာ့ဖလားဆိုတာ အထူးအခွင့်အရေးကြီးပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ ပါဝင်ကစားခွင့်ရတဲ့ အကြီးမားဆုံးပြိုင်ပွဲပါပဲ။ကျနော်တို့ဟာ အဝေးကြီးကို သိပ်ပြီးမတွေးဖို့ ကြိုးစားနေပါတယ်။ဒါပေမယ့် ဒါက ကျနော်တို့ရဲ့အိပ်မက်ဖြစ်ပြီး ကျနော်တို့ လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ပရိသတ်တွေကလည်း ကျနော်တို့ အောင်မြင်မှုရရှိအောင် လှုံဆော်မှုပေးနေပါတယ်။ ပရိသတ်တွေ ဂုဏ်ယူပြီး ပျော်ရွှင်အောင်ကျနော်တို့ လုပ်ဆောင်သွားမယ်” လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၈ က ပြိုင်ပွဲတုန်းက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ခရိုအေးရှားအသင်းကို အရေးနိမ့်ကာ တတိယလုပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။တတိယလုပွဲမှာလည်း အရေးနိမ့်ခဲ့တာကြောင့် စတုတ္တနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က “ကစားသမားတိုင်းနဲ့ နည်းပြတိုင်းအတွက်တော့ ဒါဟာ ကမ္ဘာ့ဘောလုံးရဲ့ အထွတ်အထိပ်ပါပဲ။ဒါကြောင့်လည်း ဒီအဆင့်မှာ ကိုယ့်ကိုကိုယ်စမ်းသပ်နိုင်ဖို့ တကယ်ကို စောင့်မျှော်နေတာပါ”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၆၆ က တစ်ကြိမ်တည်းသာ ရယူထားနိုင်တာကြောင့် ဒီပြိုင်ပွဲ မှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်၊ ဝေးလ်စ်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ အီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Daily Mail