CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆

ဝိန်းရွန်နီဟာ အသင်းဖော် ရော်နယ်ဒိုရဲ့ မှတ်ချက်ပေးမှုကို စိတ်ပျက်နေပေမယ့် ဒါနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မပြောဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်နီ၊ နည်းပြ အဲရစ်တန်ဟတ်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အသင်းရဲ့ လက်ရှိ အခြေအနေကိုလည်း ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဝိန်းရွန်နီဟာ စပါးအသင်းနဲ့ ပွဲမှာ လူစားလဲဖို့ ငြင်းဆန်ပြီး ဥမင်ထဲကို ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဒီရာသီ အပြုအမူ ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဝေဖန်မှုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုက “ သူဘာလို့ ဆိုးဆိုးရွားရွား ဝေဖန်နေလဲဆိုတာကို ကျနော် မသိပါဘူး။ သူရဲ့ ကစားသမားဘဝ အဆုံးသတ်သွားချိန်မှာ ကျနော်က အမြင့်ဆုံးအဆင့်မှာ ကစားနေဆဲ ဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျနော်က သူ့ထက်ပိုပြီး ကြည့်ကောင်းတယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ဒါက အမှန်တွေပါ”လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဝိန်းရွန်နီနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)

ဒါ့အပြင် ဝိန်းရွန်နီနဲ့ ဂယ်ရီနဗီးလ်က သူ့ သူငယ်ချင်းတွေ မဟုတ်ဘူးလို့လည်း ရော်နယ်ဒိုက ပြောခဲ့တာ ဖြစ်ပါ တယ်။ ဝိန်းရွန်နီကတော့ အသင်းဖော်ဟောင်းရဲ့ ပြောဆိုမှုအပေါ် လူသိရှင်ကြား တုံ့ပြန်သွားမှာ မဟုတ်ပေမယ့် သူ့ကို စိတ်ပျက်စေခဲ့ပါတယ်။

Sky Sports News က “ ဝိန်းရွန်နီဟာ ရော်နယ်ဒိုရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စိတ်ပျက်နေပေမယ့် လူသိရှင်ကြား မတုံ့ပြန်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဝိန်းရွန်နီဟာ ရော်နယ်ဒိုကို မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦးအဖြစ် အမြဲတမ်း ပြောနေတာကို နားလည်ရပါမယ်”လို့ ဖော်ပြထားတာပါ။

ဝိန်းရွန်နီဟာ ရော်နယ်ဒို အပေါ်မှာ ရန်စထားမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုနဲ့ ဝိန်းရွန်နီတို့ဟာ ယူနိုက်တက်အသင်းမှာ အတွဲဖက်ညီခဲ့ကြပြီး ၂၀၀၈ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာ ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်လာပြီး ကစားနေဆဲဖြစ်ပေမယ့် ဝိန်းရွန်နီကတော့ နည်းပြ အဖြစ် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

Source: Daily Mail