CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

ရော်နယ်ဒိုက ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုက ယူနိုက်တက် အသင်းကို ဂရုမစိုက်ဘူးလို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “အသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ကလပ်ကို ဂရုမစိုက်ကြပါဘူး။သူတို့က ယူနိုက်တက် ကို ဈေးကွက်ရှာဖွေရေးအသင်းလို့ သိထားပြီး အဲဒီကနေ ပိုက်ဆံရမယ်ဆိုပြီးတော့ပေါ့။ ကျနော့်အမြင်မှာတော့ အားကစားနဲ့ပတ်သက်ပြီး သူတို့ ဂရုမစိုက်ကြပါဘူး” လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ပီယာစ်မော်ဂန်တို့ မိနစ် ၉၀ ကြာပြုလုပ်ထားတဲ့ အင်တာဗျူးထဲက အပိုင်းအတိုတွေ ထွက်ပေါ် လာတာဖြစ်ပြီး ပေါ်တူဂီကစားသမားဟာ ဒီတစ်ကြိမ်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ဂလေဇာမိသားစုဟာ ယူနိုက်တက်ကို ၂၀၀၅ ကတည်းက လွှဲပြောင်းရယူထားတာဖြစ်ပြီး ရော်နယ်ဒို ကတော့ သူတို့နဲ့တွေ့ဆုံခဲ့ဖူးခြင်းမရှိဘူးလို့ ပြောခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းအပေါ် ဂလေဇာမိသားစုရဲ့ရင်းနှီးမြုပ်နှံမှုအား စိတ်ပျက်နေကြပြီး မကြာခဏဆိုသလို ပွဲတွေမှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ၂၀၁၇ က ယူရိုပါလိဂ်ဆုဖလားရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာပါ။

ရော်နယ်ဒိုက “ပရိသတ်တွေက အမြဲတမ်းမှန်ကန်ပါတယ်။ပရိသတ်တွေက အမှန်တရားကို သိသင့်တယ်လို့ ထင်ပါတယ်။ကစားသမားတွေက ကလပ်အတွက် အကောင်းဆုံးကိုလိုချင်ကြတယ်။ကျနော်ကလည်း ကလပ် အတွက် အကောင်းဆုံးဆိုတာမျိုးကိုလိုချင်တယ်။အဲဒါကြောင့်လည်း ဒီကို ကျနော်ပြန်လာခဲ့တာပါ။ ဒီကလပ်ကို ကျနော်ချစ်တယ်။ဒါပေမယ့် မန်စီးတီး၊လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို ထိပ်တန်းအဆင့်ရောက်အောင် မကူညီ နိုင်တဲ့အရာတွေ ကလပ်ထဲမှာ တချို့ရှိပါတယ်။ဒါဟာ ရှုပ်ထွေးတယ်၊ခက်လည်းခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး အပြည့်အစုံထွက်ပေါ်လာပြီးမှသာ တုံ့ပြန်မှု အပေါ် စဉ်းစားမယ်လို့ တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

Source:Goal