CNI Sport New

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀

ယူနိုက်တက်အသင်းရဲ့ပူးတွဲဥက္ကဋ္ဌ ဂျိုရယ်လ်ဂလေဇာဟာ အသင်းရဲ့ အစုရှယ်ယာအနည်းစုကို ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ကို ရောင်းချပြီးရင်လည်း ဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သြဇာလွှမ်းမိုးမှုရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INEOS အစုအဖွဲ့ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံပေးချေ ဝယ်ယူပြီး အားကစားဘက်အခြမ်းကို တာဝန်ယူဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဂျိုရယ်လ်ဂလေဇာဟာ ရက်ကလစ်ဖ်၊ INEOS အားကစားဒါရိုက်တာတို့နဲ့အတူ လူ ၃ ဦးကော်မတီမှာ ပါဝင်ကာ အသင်းရဲ့ ဆုံးဖြတ်ချက် တွေမှာ ဆက်လက်ပါဝင်ဖို့ ရှိနေတယ်လို့ The Times က ဖော်ပြထားပါတယ်။ 

ရက်ကလစ်ဖ်ရောက်ရှိလာတာနဲ့ အသင်းရဲ့ အားကစားဆိုင်ရာဆုံးဖြတ်ချက်တွေမှာ ပါဝင်နေတဲ့ ဂလေဇာမိသားစု ကို ဖယ်ရှားဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်အသင်းပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ရက်ကလစ်ဖ်နဲ့ သူ့ရဲ့အဖွဲ့ရောက်ရှိလာမှုကြောင့် ဂလေဇာမိသားစုရဲ့ သြဇာလွှမ်းမိုးမှု တွေဟာ လျော့ကျသွားလိမ့်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာအနည်းစုကို ဝယ်ယူကြောင်း အဆိုပြုချက်ကို လာမယ့် ရက်ပိုင်းအတွင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်နေတာပါ။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် INEOS ဟာ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းရဲ့ အားကစားဆိုင်ရာကိစ္စရပ်တွေကို စတင်ပြီး ထိန်းချုပ်လို့ ရမှာဖြစ်ပါတယ်။ ရက်ကလစ်ဖ် ဟာ အိုးထရက်ဖိုဒ့်ကွင်းကို ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးတွေသုံးစွဲသွားဖို့ ရှိနေပြီး အားကစားကွင်း ကို ပရိသတ်ဦးရေ ၇၇,၀၀၀ ဝင်ဆံ့တာကနေ ၉၀,၀၀၀ ဝန်းကျင်အထိ တိုးချဲ့နိုင်ဖို့လည်း ရည်မှန်းထားတာပါ။ 

ရက်ကလစ်ဖ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းပရိသတ်တွေ သဘောကျ နှစ်သက်မယ့် အပြောင်းအရွှေ့တွေပြုလုပ်ပေးဖို့ အစီအစဉ်ရှိနေပြီး နောက်ပိုင်းမှာ အသင်းကို အလုံးစုံဝယ်ယူကာ ဂလေဇာမိသားစုထွက်ခွာသွားအောင်လုပ်ဖို့ ရှိနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။

Source:Metro