CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ယူနိုက်တက်ကြယ်ပွင့်တွေက ရော်နယ်ဒိုဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။

ရော်နယ်ဒိုဟာ ရာသီသစ် မစတင်ခင်ကတည်းက ယူနိုက်တက်ကနေ ထွက်ခွာချင်ကြောင်း အသိပေးထား ခဲ့တာပါ။ ဒါပေမယ့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်က ရော်နယ်ဒိုကို ခေါ်ယူမယ့်အသင်းကို ရှာဖွေခဲ့တာမှာ အဆင်မပြေ ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ အသလက်တီကိုနဲ့ ပီအက်စ်ဂျီ အသင်းတို့ အခွင့် အရေး ရခဲ့ပေမယ့် သူတို့က ပယ်ချခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုထက် ရက်ရှ်ဖို့ဒ်ကိုသာ အဓိကဦးစားပေး အသုံးပြုချင်နေပြီး အင်္ဂလန်ကစားသမားရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 နည်းပြ တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဒါပေမယ့် ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ တော့ ပေါ်တူဂီကစားသမားဟာ ပွဲစကတည်းက ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာတာ အားလုံးက သဘောကျခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ မပါဝင်ခဲ့လို့ စိတ်ပျက်နေကြပါတယ်။ မန်နေဂျာကလည်း အသင်းအတွက် သူလုပ်ချင်တာနဲ့ ဘယ်လို ကစားချင်လဲဆိုတာကို အသေးစိတ် အချက်အလက်တွေပေးဖို့ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ တန်ဟတ်နဲ့ ကစားသမားတွေက ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို အလွန်သဘောကျပေမယ့် သူဟာ နည်းစနစ်မှာ အလုပ်မဖြစ် ပါဘူး။ ရော်နယ်ဒို အနေနဲ့ တန်ဟတ်ရဲ့ အစီအစဉ် ၁၀ ခုအတိုင်းလိုက်ပြီး လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒါက အလုပ် ဖြစ်မယ်ဆိုတာကို သူသဘောပေါက်ရမယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီ ၇ ပွဲကစားအပြီးမှာ ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

Source: The Sun