CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

စပိန်ဆယ်ကျော်သက် တင်းနစ်သမား အယ်လ်ကာရတ်ဇ်ဟာ နော်ဝေတင်းနစ်သမား ကတ်စပါရုဒ်ကို အနိုင်ရပြီး အမေရိကန်အိုးပန်းမှာ ချန်ပီယံဖြစ်ခဲ့သလို အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ ဖြစ်လာခဲ့ပါတယ်။

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်း ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ၆-၄၊ ၂-၆၊ ၇-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ပထမဆုံး ဂရမ်းဆလမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ ၂၀၀၅ ခုနှစ်က ပြင်သစ်အိုးပန်းမှာ ဗိုလ်စွဲခဲ့တဲ့ ရာဖေးလ်နာဒယ်လ် နောက်ပိုင်း အသက်အငယ်ဆုံး ဂရမ်းဆလမ်း ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ အယ်လ်ကာရတ်ဇ်ဟာ အဓိကပြိုင်ပွဲ ၂ ခုရဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့် ထားခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့လို့ ကမ္ဘာ့နံပတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။

အယ်လ်ကာရတ်ဇ်ဟာ မက်ဗီဒက်ဗ်နေရာ အစားဝင်ပြီး ကမ္ဘာ့နံပတ် ၁ နေရာကို ရယူခဲ့တာဖြစ်ပြီး ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။

ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ ပြိုင်ဘက်ကိုတွေ့ရစဉ် 

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်းမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၇ ပွဲ စုစုပေါင်းကို ၂၃ နာရီ မိနစ် ၄၀ ကြာ ကစားခဲ့ရတယ်လို့ အချက်အလက်တွေအရ သိရတာပါ။

အယ်လ်ကာရတ်ဇ်က “ ကမ္ဘာ့နံပတ် ၁ ဖြစ်ဖို့နဲ့ ဂရမ်းဆလမ်းမှာ ချန်ပီယံဖြစ်ဖို့ အတွက်က ကျနော် ငယ်ငယ်လေး ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ အရာပါ။ ဒီလိုဖြစ်လာဖို့ ကျနော့်မိသားစု၊ အသင်းနဲ့အတူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ တာပါ။ ကျနော့်ဟာ အခုမှ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေဟာ မိသား စု၊ အသင်းနဲ့အတူတူ ရှိနေတာပါ။ ဒါက ကျနော့်အတွက်တော့ တကယ်ကို ထူးခြားတဲ့အရာတွေပါ” လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကတ်စပါရုဒ်ကလည်း ထိပ်တန်းပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး နော်ဝေလူမျိုး ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်သွားခဲ့တာပါ။ ကတ်စပါရုဒ်ဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၇ ကနေ ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကတ်စပါရုဒ်က “ ကျနော် ဘာအတွက်ကြောင့် ကစားနေလဲဆိုတာ ကျနော်တို့ သိပါတယ်။ နံပတ် ၂ ဆိုတာ အရမ်းကြီးဆိုးတာ မဟုတ်ပါဘူး။ကျနော့်အတွက် ပထမဆုံး ဂရမ်းဆလမ်းနဲ့ နံပတ် ၁ နေရာကို ရယူနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

Source: CNA