CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်က ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ဂလေဇာမိသားစုကို ဆက်သွယ်ခဲ့ပေမယ့် သူတို့က မရောင်းချချင်ဘူးလို့ ပြောခဲ့ကြောင်း ပြောပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်က “ယူနိုက်တက်ကို ပိုင်ဆိုင်တဲ့ ဂလေဇာမိသားစုနဲ့ ကျနော်တွေ့ဆုံခဲ့ပါတယ်။ ကျနော်ဟာ ဂျိုရယ်လ်ဂလေဇာ၊ အေဗရန်ဂလေဇာတို့နဲ့ တွေ့ခဲ့ပြီး သူတို့တွေဟာ လူကြီးလူကောင်း တွေပါ။သူတို့က ယူနိုက်တက်ကို မရောင်းချင်ကြပါဘူး။ကလပ်ကို ဖခင် မယ်လ်ကွန်ရဲ့ သားသမီး ၆ ဦးက ပိုင်ဆိုင်ကြပါတယ်။သူတို့တွေကလည်း မရောင်းချင်ကြပါဘူး” လို့ Financial Times က ကျင်းပတဲ့ပွဲမှာ ပြောခဲ့တာပါ။

ဓာတုဗေဒကုမ္ပဏီ INEOS အကြီးအကဲ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စား တယ်လို့ သူ့ရဲ့နီးစပ်သူတစ်ဦးက သြဂုတ်လက ပြောခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှုတော့ မပြုလုပ် ခဲ့ပါဘူး။ ဂလေဇာမိသားစုဟာ ၅ နှစ်ကြာ ဖလားလက်မဲ့ဖြစ်ခဲ့တဲ့အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ရက်ကလစ်ဖ်ဟာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့လည်း ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

ရက်ကလစ်ဖ်က “ကျနော်တို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အားကစားပိုင်ဆိုင်မှုအဖြစ် ပြင်သစ် ကလပ် နိုက်စ်အသင်းကို ပိုင်ဆိုင်ထားပါတယ်။ဒါပေမယ့် ကျနော်တို့မှာ မရှိတဲ့အရာတစ်ခုကတော့ ပရီးမီးယားလိဂ်ကလပ်အသင်းပါ။ကမ္ဘာပေါ်မှာ ပရိသတ်တွေအနှစ်သက်ဆုံး အားကစားက ဘောလုံးပါ။ ဒါဟာ ကျနော်တို့ ကြီးပြင်းလာတဲ့ အားကစားနည်းဖြစ်ပြီး ကျနော်တို့နဲ့ အနီးစပ်ဆုံးရှိပါတယ်” လို့ ပြောခဲ့ တာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ အသင်းကို ရောင်းချဖို့အတွက် ဂလေဇာမိသားစုကို အခုနှစ်ရာသီမှာလည်း ဆန္ဒပြမှုတွေပြုလုပ်နေကြတာပါ။မန်ချက်စတာကလပ်ဟာ ၂၀၁၆-၁၇ ရာသီက ယူရိုပါလိဂ်ဆုဖလားရပြီး နောက်ပိုင်း ဆုဖလားတွေနဲ့ ဝေးကွာနေတာကြောင့် ပရိသတ်တွေက အသင်းအောင်မြင်မှုတွေရဖို့ အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်စေချင်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia