CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်က ထွက်တာကလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလို့ အသင်းဖော်ဟောင်း ဝိန်းရွန်နီက ပြောလိုက်ပါတယ်။

ဝိန်းရွန်နီက “ရော်နယ်ဒိုထွက်တာနဲ့ပတ်သက်ပြီး အံအားသင့်မိလားဆိုရင် အံအားမသင့်ပါဘူး။ တခြား ရွေးချယ်စရာမရှိပေမယ့် သူဟာ ကလပ်အတွက် အကောင်းဆုံးပေးဆပ်ခဲ့တဲ့သူဖြစ်လို့ ဒီလိုမျိုးလမ်းခွဲရတာက ရှက်ဖို့ကောင်းပါတယ်။သူဘယ်ပဲသွားသွား အကောင်းဆုံးဖြစ်ပါစေလို့ ကျနော်ဆန္ဒပြုကြောင်း” Sport 18 ကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးထွက်ပေါ်လာအပြီးမှာ ယူနိုက်တက်က ကစားသမားနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းကာ ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ လူစားလဲဝင်ဖို့ ငြင်းဆန်ပြီး ဥမင်ထဲတန်းဝင်သွားတဲ့ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ ဝိန်းရွန်နီကိုလည်း ဒီအင်တာဗျူးမှာ ဝေဖန်ထားတာပါ။

ရော်နယ်ဒိုကတော့ သူဟာ ယူနိုက်တက်နဲ့ ပရိသတ်တွေကို ချစ်ပြီး ဒါက ဘယ်တော့မှ ပြောင်းလဲမယ့်အရာ မဟုတ်ပေမယ့် စိန်ခေါ်မှုအသစ်တွေအတွက် အချိန်ကျရောက်ပြီလို့ ပြောခဲ့ပါတယ်။ရော်နယ်ဒိုဟာ အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းကို ပြန်သွားနိုင်တယ်လို့ ထင်ကြေးပေးနေကြပြီး၊ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး၊ နယူးကာဆယ်တို့နဲ့လည်း အသံတွေ ထွက်နေခဲ့တာပါ။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ပြီးတာနဲ့ အသင်းပြောင်းရွှေ့ဖို့ကို လုပ်ဆောင်မှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ လက်ရွေးစင်အသင်းအတွက်ပဲ အပြည့်အ၀ အာရုံစိုက်နေတာ ဖြစ်ပါတယ်။ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်အုပ်စုတည်းကျရောက်နေတဲ့ ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal