CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇

အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦး ထဲက ၁ ဦး ကမ္ဘာ့ဖလားရတာကို မြင်ချင်တယ်လို့ The Times of India နဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီက "ကျ‌နော်ကတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးထဲက ၁ ဦး ကမ္ဘာ့ဖလား ရယူတာကို မြင်ချင်ပါတယ်။ ဒါဟာ သူတို့ရဲ့ မယုံနိုင်စရာကောင်းတဲ့ ကစားသမားဘဝအတွက် ကောင်းမွန်တဲ့ အဆုံးသတ် ဖြစ်လာမှာပါ"လို့ ပြောခဲ့တာပါ။

ဝိန်းရွန်နီဟာ မက်ဆီနဲ့ ပက်သက်ပြီး မေးမြန်းခံခဲ့ရပြီး သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်နိုင်ခြေက အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ဖိအားဖြစ်စေမှာလားလို့ မေးမြန်းခံခဲ့ရပါတယ်။

ဝိန်းရွန်နီက "သူဟာ မျှော်လင့်ချက်တွေကို ကိုင်တွယ် ဖြေရှင်းဖူးတယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ သူ့ရဲ့ အမွေအနှစ်ကို ချန်ထားဖို့ ဆိုတာလည်း သူ့ရဲ့စိတ်ထဲမှာ သေချာပေါက် ရှိမှာပါ။ မက်ဆီအနေနဲ့ အာဂျင်တီးနား အနိုင်ရဖို့ သူအတက်နိုင်ဆုံး ကြိုးစားကူညီမယ်ဆိုတာ သေချာပါတယ်"လို့ ပြောခဲ့တာပါ။

ကာတာကမ္ဘာ့ဖလားဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ၂ ဦးစလုံးအတွက် နောက်ဆုံး ကမ္ဘာ့ဖလားလည်း ဖြစ်လာဖို့ ရှိ နေတာပါ။ မက်ဆီကတော့ နောက်ဆုံး ကမ္ဘာ့ဖလားလို့ ဝန်ခံထားပြီး ရော်နယ်ဒိုကတော့ ဝန်ခံထားခြင်း မရှိသေး ပါဘူး။

ဘောလွန်းဒီအောဆု အပါအဝင် ဆုဖလား အများအပြားကို ရယူထားတဲ့ သူတို့ ၂ ဦး စလုံးအတွက်တော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရနိုင်မယ်ဆိုရင် ကစားသမားဘဝ ပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။

Source: Sportskeeda