CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူ့ကို ကြိုက်နှစ်သက်တာနဲ့ မက်ဆီကို မုန်းတီးစရာမလိုသလို၊ သူနဲ့ မက်ဆီကြားမှာ ပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပြီလို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “ခင်ဗျားတို့အနေနဲ့ ရော်နယ်ဒိုကို ကြိုက်နှစ်သက်တာနဲ့ မက်ဆီကို မုန်းတီးစရာမလိုပါဘူး။ ဒီနှစ်ဦး ဟာ ဘောလုံးသမိုင်းကို ပြောင်းလဲခဲ့ပြီး လေးစားမှုတွေလည်းရှိခဲ့ကြပါတယ်။ အခုအချိန်မှာပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပါပြီ။ ကျနော်တို့တွေဟာ သူငယ်ချင်းတွေတော့မဟုတ်ပေမယ့် တစ်ဦးနဲ့တစ်ဦးကို လေးစားမှုရှိကြပါ တယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ မက်ဆီနဲ့ သူ့ရဲ့ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာဖြစ်ပြီး အကောင်းဆုံးကစားသမား နှစ်ဦးရဲ့ပြိုင်ဆိုင်မှုတွေကလည်း ပြီးဆုံးသွားခဲ့ပြီလို့ အခိုင်အမာပြောခဲ့တာပါ။ ပေါ်တူဂီတိုက်စစ်မှူးက သူ့ကို ကြိုက်နှစ်သက်တယ်ဆိုရင်လည်း မက်ဆီကို မုန်းတီးစရာမလိုဘူးလို့ သူ့ကိုအားပေးတဲ့ပရိသတ်တွေကို တိုက်တွန်း ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဥရောပမှာ အောင်မြင်မှုအများအပြားရယူပြီးနောက် စိန်ခေါ်မှုအသစ်တွေ အတွက် ဥရောပကနေ ထွက်ခွာခဲ့ကြတာပါ။

ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံပြောင်းရွှေ့ခဲ့ပြီး၊ မက်ဆီကတော့ အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အသင်းသစ်တွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆုဖလား ၁ လုံးစီ ရယူနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့အတူ ပူးပေါင်းပြီး ခြေစစ်ပွဲတွေအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ဆလိုဗားကီးယား၊ လူဇင်ဘတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီရဲ့အာဂျင်တီးနားအသင်းကတော့ အီကွေဒေါ၊ ဘိုလီးဗီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal