CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ စာရင်းမှာ ၂ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၄ ခုနှစ်ထဲမှာ ဝင်ငွေပေါင် ၂၀၈ သန်းနဲ့ ထိပ်ဆုံးနေရာ ရပ်တည်ခဲ့တယ်လို့ Sportico က ဖော်ပြထားတာပါ။
ရော်နယ်ဒိုရဲ့ ဝင်ငွေအများစုဟာ အယ်လ်နာဆာအသင်းကနေ ရရှိခဲ့တာဖြစ်ပြီး သူဟာ ဆော်ဒီပရိုလိဂ်ကလပ်မှာ တစ်နှစ်ကို ပေါင် ၁၇၅ သန်း ရရှိနေတာဖြစ်ပါတယ်။
Golden State Warriors အသင်းမှာ ကစားနေတဲ့ NBA ကြယ်ပွင့် ကာရီက ပေါင် ၁၂၃ သန်းနဲ့ ရော်နယ်ဒိုရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေတာပါ။
ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်ကို အရေးနိမ့်ပြီးနောက် လက်ဝှေ့ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာထားတဲ့ တိုင်ဆန်ဗျူရီက ပေါင် ၁၁၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အင်တာမိုင်ယာမီအသင်း ခေါင်းဆောင် မက်ဆီက ပေါင် ၁၀၈ သန်းနဲ့ စတုတ္ထ၊ NBA နာမည်ကြီး လီဘရွန်ဂျိမ်းစ်က ပေါင် ၁၀၆ သန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်ခဲ့တာပါ။
၂၀၂၄ ခုနှစ်အတွင်း ဆော်ဒီမှာ လုပ်ခလစာ အများအပြား ရရှိခဲ့တဲ့ နေမာ၊ ဘန်ဇီမာနဲ့ ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီတို့ဟာ ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
Sportico ဟာ ထိပ်တန်း အားကစားနယ်ပယ်ထဲက ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ၁၀၀ ဦး စာရင်းပြုစုပြီး ထုတ်ပြန်ခဲ့တာပါ။
ဖော်မြူလာဝမ်းက နာမည်ကြီးတွေဖြစ်တဲ့ ဟာမီလ်တန်နဲ့ ဗာစတန်ပန်တို့လည်း ဝင်ငွေအများဆုံးရရှိတဲ့ ထိပ်ဆုံး ၁၀၀ ဦး စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ NBA က ၃၆ ဦးအထိ ပါဝင်တာကြောင့် ဘတ်စကတ်ဘော အားကစားသမားတွေ ဟာ အခြားအားကစားနည်းက အားကစားသမားတွေထက် ဒီစာရင်းမှာ ပိုပြီးပါဝင်ခဲ့တာပါ။
၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး အားကစားသမားထိပ်ဆုံး ၁၀၀ ဦးစာရင်းထဲမှာ အမျိုးသမီး အားကစားသမား တွေ မပါဝင်ခဲ့ပါဘူး။
အမေရိကန်အိုးပန်း ချန်ပီယံဟောင်း ကိုကိုကပ်ဖ်က ပေါင် ၂၄.၃ သန်းနဲ့ အမျိုးသမီး အားကစားသမားတွေထဲမှာ ဝင်ငွေ အကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Dailymail