CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆော်ဒီနိုင်ငံတည်ထောင်တဲ့နေ့ အခမ်းအနားမှာ ပါဝင်ခဲ့ပြီး ဓါးကိုကိုင်ဆောင်ကာ ရိုးရာဝတ်စုံဝတ်ဆင်ထားတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီး ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းထံ ဇန်နဝါရီကမှ ပြောင်းရွှေ့လာခဲ့တာပါ။ရော်နယ်ဒိုဟာ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီ ၂၂ ရက်ဟာ အီမာမ်မိုဟာမက်ဘင်ဆောဒ့်က ဆော်ဒီအာရေဗျကို ၁၇၂၇ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့တဲ့ နေ့စွဲဖြစ်ပါတယ်။ဘုရင် ဆယ်လ်မန်က အဆိုပါနေ့ကို တော်ဝင်အမိန့်နဲ့ နိုင်ငံတော် အားလပ်ရက်အဖြစ် ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။

လေးရက်ကြာ ကျင်းပနေတဲ့ အထိမ်းအမှတ်ပွဲတွေမှာ အယ်လ်နာဆာအသင်းရဲ့ အိမ်ကွင်းမှာ လုပ်ဆောင်နေတဲ့ ပွဲတွေလည်း ပါဝင်နေတာပါ။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းဖော်တွေနဲ့အတူ အာရပ်အဖျော်ယမကာကို သောက်ရင်း ဆော်ဒီနိုင်ငံရဲ့ ရိုးရာဝတ်စုံနဲ့ ကြည့်ကောင်းနေခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ပြုံးရွှင်စွာနဲ့ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဓါးကို ဝှေ့ယမ်းတာတွေကိုပါ ပြုလုပ်နေခဲ့တာပါ။ပေါ်တူဂီကစားသမားဟာ အယ်လ်နာဆာအသင်းနဲ့အတူ ဆော်ဒီအထိမ်းအမှတ်ပွဲမှာပါဝင်ခဲ့တဲ့ ဗွီဒီယိုကို သူ့ရဲ့ တွစ်တာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတဲ့ ရော်နယ်ဒိုဟာ အယ်လ်ဖာတက်ချ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အယ်လ်နာဆာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။အယ်လ်ဝါဒါအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒိုဟာ အသင်းအတွက် ၄ ဂိုးစလုံးသွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒိုဟာ အယ်လ်တာဝေါင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အယ်လ်နာဆာ အသင်းသွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာပါ။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၇ ပွဲကစားအပြီးမှာ ဒုတိယနေရာက အယ်လ်အစ်တီဟတ် အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ အယ်လ်နာဆာ အသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ဒါမတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:The Sun