CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ပေါ်တိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ လူကာကူက အင်တာမီလန်အသင်း နိုင်ပွဲရရှိအောင် ကူညီပေးနိုင်လို့ ပျော်ရွှင်ကြောင်း ပြောခဲ့ပါ တယ်။

လူကာကူက “နိုင်ပွဲအတွက် ကျနော်တို့ တကယ်ပျော်ရွှင်ပြီး ရလဒ်ကောင်းရဖို့ အလွန်အရေးကြီးပါတယ်။ ကျနော် တို့ ဒုတိယဂိုး ရယူချင်ခဲ့ပေမယ့် နိုင်ပွဲရအောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျနော်ပျော်ပါတယ်။ ဒဏ်ရာကြောင့် ခက်ခဲတဲ့ လတွေကို ဖြတ်ကျော်ခဲ့ရပေမယ့် ပြန်လည် ပါဝင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်သလို နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်ပါတယ်။ ကျနော်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ပါဘူး။ အင်တာမီလန် အသင်း အတွက် အကောင်းဆုံး လုပ်ဆောင်ဖို့ကိုပဲ စဉ်းစားနေတာပါ”လို့ ပြောခဲ့တာပါ။

လူကာကူဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှ လူစားလဲ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပွဲချိန် ၈၆ မိနစ်မှာ အင်တာမီလန် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ လူကာကူအတွက် အောက်တိုဘာလ နောက်ပိုင်း ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပြီး ဒီရာသီ အင်တာမီလန် အသင်းအတွက် ၄ ဂိုးမြောက် သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။

လူကာကူဟာ ဒဏ်ရာတွေ၊ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် အင်တာမီလန် အသင်းမှာလည်း ပုံစံကောင်း ပြသ နိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

 လူကာကူ ဂိုးသွင်းပြီးနောက် အင်တာမီလန်အသင်းသားများ အောင်ပွဲခံနေကြစဉ်

အင်တာမီလန်အသင်း စီအီးအို မာရော့တာက လူကာကူဟာ ကိုယ်အလေးချိန် မြင့်တက်နေပေမယ့် သူ့ရဲ့ ပုံစံကို ပြန်လည် ရှာဖွေနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ မကြာသေးခင်က ပြောထားတာပါ။

မာရော့တာက “သူဟာ ၁၀၃ ကီလိုဂရမ်ကြီးကို သယ်ဆောင် နေရပါတယ်။ ဒါကြောင့် လူကာကူအနေနဲ့ ပြီးပြည့် စုံတဲ့ ရုပ်ပိုင်းဆိုင်ရာပုံစံရှိဖို့ လိုအပ်ပြီး အခုအချိန်ထိ မရှိသေးပါဘူး။ နည်းပြက သူဘယ်လို လုပ်ဆောင်နေလဲ ဆိုတာကို အကဲဖြတ်ဖို့ အကောင်းဆုံးလူပါ။ ဒီနေ့ခေတ် ပွဲတွေဟာ မိနစ် ၁၀၀ နီးပါး ကြာတက်တာကြောင့် အရန် ခုံကနေ ကွင်းထဲ ဝင်ရောက်လာတဲ့ ကစားသမားတိုင်းဟာ အကောင်းဆုံးလုပ်နိုင်ဖို့ အရေးကြီးပါတယ်။ သူက အလွန် ကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်ပါ။ ကံမကောင်းစွာနဲ့ သူလုပ်ချင်တဲ့အရာကို အခုထိ မလုပ်နိုင် သေးပါ ဘူး။ ဒါပေမယ့် သူဟာ လက်ကျန် ရာသီဝက်မှာ သက်ရောက်မှု ရှိနိုင်ဖို့ အချိန်ရှိမယ်ဆိုတာ ကျနော်ယုံကြည်ပါ တယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းကနေ အငှားနဲ့ ရောက်ရှိနေတဲ့ လူကာကူဟာ အင်တာမီလန် အသင်းထံ အပြီးသတ် ပြောင်းရွှေ့ ချင်နေသလို အီတလီ ကလပ်ကလည်း ခေါ်ယူဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source: AP