CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၅

ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့ ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ လူကာကူအပေါ် လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးနောက် ဂျူဗင်တပ်စ် ပရိသတ် ၁၇၁ ဦးကို အီတလီရဲ့တပ်ဖွဲ့က ပွဲကြည့်ခွင့် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပိတ်ပင်ခံခဲ့ရတဲ့ ဂျူဗင်တပ်စ်ပရိသတ် ၁၇၁ ဦးဟာ အားကစားကွင်းအတွင်း ဝင်ရောက်ခွင့်ရမှာ မဟုတ်သလို အားကစားကွင်း အတွင်းထဲမှာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တဲ့အတွက် ဒဏ်ကြေးငွေလည်း ချမှတ်ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာ လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ထပ် သူတွေကိုလည်း ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်နေတယ်လို့ သိရတာပါ။

လူကာကူဟာ ဒီပွဲမှာ အင်တာမီလန် အသင်းအတွက် ပင်နယ်တီကနေ အဖိုးတန် ချေပဂိုး သွင်းယူပြီး ၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ် ပရိသတ်တွေဟာ မျောက်အော်သံတွေ ပြုလုပ်ကာ လူမျိုးရေး ခွဲခြားခဲ့ပါတယ်။

လူကာကူရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ပုံစံကိုလည်း ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်ပြသကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်စ် ယှဉ်ပြိုင်နေစဉ်

အင်တာမီလန်အသင်းဟာ လူကာကူရဲ့ ပွဲပယ်ကို အယူခံဝင်ခဲ့ပေမယ့် အီတလီ အားကစားခုံရုံးက ဒီပြစ်ဒဏ်ကို ထိန်းသိမ်းထားခဲ့ပါတယ်။

ဒါပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ဂရာဗီနာက လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်တဲ့ အတိုင်းအတာ အဖြစ် ဒီဆုံးဖြတ်ချက်ကို ကြားဝင်စွက်ဖက်ပေးခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။

အဲဒါကြောင့် လူကာကူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်ကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

လူကာကူက “ဂရာဗီနာရဲ့ ဝင်စွက်ဖက်မှုကြောင့် တရားမျှတမှုက ပြီးဆုံးသွားပြီဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဒါက အားကစားလောက တစ်ခုလုံးနဲ့ ပြင်ပကို ကြီးမားတဲ့ သတင်းစကား ပေးပို့လိုက်တာပါပဲ။ ဒါဟာ လူမျိုးရေး ခွဲခြားမှုကို တိုက်ဖျက်လိုတဲ့ ဆန္ဒရှိနေတယ်ဆိုတာကို ပြသပါတယ်”လို့ ပြောခဲ့ပါတယ်။

အီတလီဘောလုံး အဖွဲ့ချုပ်ကတော့ လူမျိုးရေးခွဲခြားမှု ပုံစံအားလုံးကို တိုက်ဖျက်တာဟာ အားကစားစနစ်ရဲ့ အခြေခံမူတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Source: Daily Mail