CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆

အခုနှစ်ရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် အဆုံးအဖြတ် ဖြစ်မယ့်ပွဲမှာ မန်စီးတီးအသင်းကို ကြောက်ရွံ့မှုနဲ့ ချဉ်းကပ်မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ ကစားသမားတွေကို သတ်ပစ်မယ်လို့ နည်းပြ အာတီတာက သတိပေး လိုက်ပါတယ်။

အာတီတာက “မန်စီးတီးကို မကြောက်ရွံ့ပါဘူး။ ဒီလိုသာဖြစ်ရင် ကစားသမားတွေကို ကျနော် သတ်ပစ်မှာပါ။ ဒီလို ဖြစ်မှာကို ကျနော်လုံးဝကို မလိုချင်ပါဘူး။ ဒါက ခက်ခဲတဲ့ ညတစ်ည ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခွင့်အရေးက ကျနော်တို့အတွက် မယုံနိုင်လောက်အောင်ပါပဲ။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရချင်ရင် မန်စီးတီးအိမ်ကွင်းဆီ သွားပြီး အနိုင်ယူရမှာပါ။ ခင်ဗျားတို့ အနေနဲ့ ချန်ပီယံဆုကို ရချင်ရင်တော့ ဒီပွဲတွေကို အနိုင်ရအောင် ယူရမှာပါ။ ဒါက ရိုးရှင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းထက် ၅ မှတ်အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပေမယ့် မန်စီးတီးအသင်းဟာ လက်ကျန်ပွဲ ၂ ပွဲကစားဖို့ ကျန်ရှိနေသေးပါတယ်။

အဲဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ ဒီပွဲမှာ အနိုင်ရလဒ် ရယူနိုင်မှသာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား အတွက် မျှော်လင့်ချက်တွေကို ဆက်ပြီး ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

မန်စီးတီးအတွက်ကလည်း ဒီရာသီမှာ ဆုဖလား ၃ လုံး ရယူနိုင်မယ့် အိပ်မက်ကို ဆက်လက် ရှင်သန်နိုင်ဖို့အတွက် ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။

မန်စီးတီးနဲ့ အာဆင်နယ် အသင်းကစားသမား ၂ ဦးကိုတွေ့ရစဉ် 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် သရေကျခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပြီး မန်စီးတီးအသင်းကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁၁ ပွဲအထိ နိုင်ပွဲရယူထားတာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာက ဒီပွဲဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အာတီတာက “ဒီပွဲမှာ ကျနော်တို့ အနိုင်ရခဲ့ရင် အမှတ်ပေးဖလားကို မရသေးပါဘူး။ ရာခိုင်နှုန်း အပြောင်းအလဲ တော့ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။ အီးတီဟတ်ကွင်းကို သွားရမှာ ခက်ခဲမယ်ဆိုတာကို သိပေမယ့် ဒီပွဲက ဒီရာသီကို အဆုံးအဖြတ် ပေးမှာလားဆိုရင်တော့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ်က တုံ့ပြန် မှုမျိုးတွေကို မန်စီးတီးနဲ့ ပွဲမှာ ထပ်ပြီးပြသသွားမယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားမှာ ၂ ကြိမ် တွေ့ဆုံထားပြီး ၂ ကြိမ်စလုံး မန်စီးတီးအသင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail