CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

နာပိုလီအသင်းနည်းပြ ကွန်တီက ဒီရာသီအသင်းရဲ့အောင်မြင်မှုမျှော်လင့်ချက်အတွက် တိုက်စစ်မှူး လူကာကူဟာ မရှိမဖြစ် အရေးပါတဲ့သူလို့ ပြောခဲ့ပါတယ်။

ကွန်တီက “ကျနော်အင်တာမီလန်မှာ လူကာကူကို လိုချင်တယ်လို့ အမြဲတမ်းပြောခဲ့ဖူးပါတယ်။ သူ ယူနိုက်တက် ထံ မပြောင်းခင်တုန်းကလည်း ချယ်လ်ဆီးအသင်းအတွက်ခေါ်ယူဖို့တောင်းဆိုခဲ့ဖူးပါတယ်။ သူဟာ အရပ်လည်း ရှည်သလို ရုပ်ပိုင်းဆိုင်ရာလည်း သန်မာပြီး ပြေးအားလည်းကောင်းပါတယ်။ အခု သူ့အခြေအနေက အကောင်းဆုံး ပုံစံနဲ့ မနီးစပ်သေးပေမယ့် သူဟာ ကျနော်တို့အတွက် မရှိမဖြစ်အရေးပါတဲ့ သူပါ”လို့ ပြောခဲ့တာပါ။ 

လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ နာပိုလီအသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပြီး ဒီအပြောင်းအရွှေ့မှာ နည်းပြကွန်တီက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ကွန်တီနဲ့ လူကာကူတို့ဟာ အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့ပြီး စီးရီးအေဖလားအောင်မြင်မှုကို ရယူ နိုင်ခဲ့တာပါ။ 

လူကာကူဟာ နာပိုလီအသင်းက ကာဂလီယာရီအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 

လူကာကူဟာ ဒီရာသီမှာ နာပိုလီအသင်းအတွက် ၂ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးထားတာပါ။ 

နာပိုလီအသင်းဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးနိုင်ပွဲ ရယူနိုင်ခဲ့တာ ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ကွန်တီကတော့ နာပိုလီ အသင်းဟာ တိုးတက်ဖို့ကျန်ရှိနေသေးတယ်လို့ ပြောခဲ့သလို အမှတ်ပေးဖလားအတွက် ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့် ဖြစ်ပြီဆိုတဲ့ ထင်ကြေးတွေကိုလည်း ပယ်ချခဲ့တာပါ။ 

နာပိုလီအသင်းဟာ ဒီအပတ်စီးရီးအေပွဲစဉ်အဖြစ် ထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်း ဆက်ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Source:ChannelNewsAsia