CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က သူတို့ဟာ အေစီမီလန်အသင်းကို လေးစားမှု အများကြီးရှိပေမယ့် ကြောက်နေမှာမဟုတ်ဘူးလို့ ရာသီသစ် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။

အာနီဆလော့က “ဘယ်မန်နေဂျာကမှ တခြားအသင်းနဲ့ ယှဉ်ပြိုင်ရမှာကို မကြောက်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အေစီမီလန်အသင်းကို လေးစားမှု အများကြီးရှိပါတယ်။ သူတို့မှာ အရည်အသွေးတွေရှိပေမယ့် ကျနော်တို့ မကြောက်ပါဘူး။ သူတို့ဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အလွန်ကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကြောက်တယ်ဆိုတာ ကျနော်တို့သုံးတဲ့ စကားလုံးမဟုတ်ပါဘူး။ ကျနော်တို့ အလွန်လေးစားပါတယ်”လို့ သတင်း ထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းဟာ နည်းပြဟောင်း ကလော့ပ် ခေတ်အလွန် နည်းပြသစ် အာနီဆလော့ လက်ထက်မှာ ရာသီအစ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ ပွဲစလုံး အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းကတော့ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခြင်း မရှိသေးဘဲ ၄ ပွဲကစားပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။ 

လီဗာပူးလ်အသင်းကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ အေစီမီလန်အသင်းနဲ့ ပွဲစဉ်အတွက် နွေရာသီ အပြောင်းအရွှေ့က ဂျုဗင်တပ်စ်အသင်းကနေ ဝယ်ယူခဲ့တဲ့ တောင်ပံကစားသမား ချီယေဆာကို လူစာရင်းထဲ ခေါ်ဆောင်လာခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ အာနီဆလော့က ချီယေဆာကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

အာနီဆလော့က “ချီယေဆာဟာ လေ့ကျင့်ချိန် အနည်းငယ်ပဲ ရှိထားတဲ့အတွက် မိနစ် ၉၀ ကစားခိုင်းဖို့ဆိုတာ စောလွန်းပါတယ်။ ကျနော်တို့ သူ့ကိုလိုအပ်တယ်ဆိုရင် မိနစ်အနည်းငယ် အသုံးပြုသွားဖို့ရှိပါတယ်။ ဒါပေမယ့် လာမယ့်ပွဲတွေမှာတော့ သူပွဲကစားချိန်ရဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။ 

အေစီမီလန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ရီးရယ်လ်အသင်းပြီးရင် ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှု အများဆုံးရရှိထားတဲ့ အသင်းတွေဖြစ်တာပါ။ 

အေစီမီလန်အသင်းက ချန်ပီယံဆုကို ၇ ကြိမ် ရရှိထားပြီး လီဗာပူးလ်အသင်းက ၆ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။

Source: CNA