CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ကာရာဘောင်းလိဂ်ဖလားက အရေးပါတဲ့ပြိုင်ပွဲအဖြစ် ရှိနေတယ်ဆိုတာ သူယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ 

အဲရစ်တန်ဟတ်က “ကျနော်ကတော့ ဒီပြိုင်ပွဲက အရေးပါတယ်လို့ပြောချင်ပါတယ်။ FA ဖလား  ကာရာဘောင်း ဖလားတို့ဟာ အရေးပါပါတယ်။ မနှစ်က လီဗာပူးလ်အသင်း ကာရာဘောင်းဖလား ရယူနိုင်ခဲ့သလို ဆုဖလား တွေရယူတဲ့အချိန်မှာ အသင်းတွေအားလုံး၊ပိုင်ရှင်တွေအားလုံးနဲ့ မန်နေဂျာအားလုံးရဲ့အာရုံစိုက်မှုကို ကျနော် မြင်ပါတယ်။ အသင်းတိုင်းက ပြိုင်ဆိုင်နေကြပြီး ကျနော်တို့ကလည်း ဒါကို လိုချင်ပါတယ်။ ဘောလုံးမှာ ဆုဖလားတွေရယူဖို့က အလွန်အရေးကြီးပါတယ်” လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမရာသီမှာ ကာရာဘောင်းလိဂ် ဖလားရယူ ပေးနိုင်ခဲ့သလို မနှစ်ကရာသီမှာ FA ဖလား ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်ထိပ်တန်း ကလပ်အသင်း အများအပြားဟာ လိဂ်ဖလားအပေါ် အာရုံစိုက်လာခဲ့ပြီး ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်လာခဲ့တာပါ။

ယူနိုက်တက် အသင်းဟာ လိဂ်ဖလားတတိယအဆင့်အဖြစ် ဘန်စလေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အဲရစ်တန်ဟတ်က ဒီဖလားက အရေးပါတယ်လို့ ပွဲမတိုင်ခင် ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီအစ ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ရလဒ်ကောင်းမွန်ခြင်းမရှိသေးဘဲ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၀ နေရာမှာရပ်တည်နေတာပါ။ 

မန်ချက်စတာကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲစဉ်မှာ နောက်ခံလူတွေဖြစ်တဲ့ မက်ဇ်ရာအူရီ၊ဒီလစ်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ဒဏ်ရာစိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်။ 

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူတို့ ၃ ဦး စလုံး ဘန်စလေအသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုထားတာပါ။ 

ယူနိုက်တက်အသင်းဟာ ဘန်စလေအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်ပြီးရင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Besoccer