CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃

နည်းပြ အဲရစ်တန်ဟတ်ကို ယူနိုက်တက်အသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့အသစ်က အပြည့်အဝထောက်ခံမှုရှိတယ်လို့ အသင်းရဲ့ CEO ဘာရာဒါက ပြောခဲ့ပါတယ်။ 

ဘာရာဒါက “အဲရစ်ကို ကျနော်တို့ထောက်ခံမှုအပြည့်ရှိပြီး အပြောင်းအရွှေ့ကာလမှာ အလွန်နီးကပ်စွာ အလုပ် လုပ်ခဲ့ပါတယ်။ ကျနော်တို့ဟာ သူ့ကို အသင်းကနေ အကောင်းဆုံးရလဒ်တွေရရှိအောင် ကူညီပေးဖို့ သူနဲ့အတူ အလွန်နီးကပ်စွာအလုပ်လုပ်မှာပါ။ အဲရစ်ကို ယုံကြည်မှုရှိသေးလားဆိုရင် လုံးဝယုံကြည်ပါတယ်။ အဲရစ်က ကျနော် တို့အတွက် မှန်ကန်တဲ့နည်းပြလို့ထင်ပြီး ကျနော်တို့သူ့ကို အပြည့်အဝထောက်ခံသွားမယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဦးဆောင်တဲ့ အစုအဖွဲ့ဟာ ပြီးခဲ့တဲ့ နွေရာသီက နည်းပြ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ဒတ်ချ် လူမျိုးနည်းပြကို စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

ဘာရာဒါဟာ ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ နည်းပြ အဲရစ်တန်ဟတ်ဟာ ကလပ်အသင်းအကြီးအကဲတွေရဲ့ အပြည့်အဝထောက်ခံမှုရရှိထားတယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အသင်းအောင်မြင်မှုတွေရယူနိုင်ဖို့အတွက် ဒီလစ်၊မက်ဇ်ရာအူရီ၊ ယိုရို၊ဇာခ့်ဇီ၊ အူဂါတေးတို့ကို ပေါင်သန်း ၂၀၀ နီးပါးသုံးစွဲပြီး ခေါ်ယူပေးထားတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်း ဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေမရရှိသေးဘဲ ပရီးမီးယားလိဂ် ၃ ပွဲကစားအပြီးမှာ ၂ ပွဲအထိရှုံးပွဲ ကြုံတွေ့ ထားခဲ့တာပါ။ 

ယူနိုက်တက်အသင်းပူးတွဲပိုင်ရှင် ဆာဂျစ်ရက်ကလစ်ဖ်ဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ အသင်းရလဒ် အပေါ် အလွန်စိတ်ပျက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ဖိအားအချို့ကို စတင်ခံစားနေခဲ့ရပြီး နိုင်ငံတကာပွဲစဉ်အပြီး ပြန်ကစား မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source:ESPN