CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၈

ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားအယွင်းပြုလုပ်ခဲ့လို့ ဝေဖန်မှုတွေခံနေရတဲ့ ဂိုးသမား ဒီဂီယာကို ယူနိုက်တက်မှာ ဆက်ပြီးရှိစေချင်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့က သူ့ကို ဒီမှာဆက်ပြီးရှိစေချင်ပြီး သူ့ကို စာချုပ်သက်တမ်းတိုးချင်ပါတယ်။ သူက ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတဲ့ ပွဲအများဆုံးကစားသမားပါ။သူမပါဘဲ ကျနော်တို့ ဒီနေရာမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။အမှားအယွင်းတွေဟာ ဘောလုံးရဲ့အစိတ်အပိုင်းဖြစ်ပြီး ဒါကို ပြန်လည်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ဒါက စိုးရိမ်စရာမရှိဘူးလို့ ယုံကြည်ပါတယ်။ဘောလုံးမှာ ဒါက ဖြစ်တတ်ပေမယ့် လူတိုင်းမှာ တာဝန် ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းက ဝက်စ်ဟမ်းအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ပွဲစဉ်မှာ ဂိုးသမား ဒီဂီယာဟာ ဘန်ရာမန်ရဲ့ ကိုက် ၂၀ အကွာက ကန်သွင်းချက်ကို ပုတ်ထုတ်တာမှာ မသေသပ်ခဲ့တာကြောင့် ဘောလုံးဟာ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာပါ။အဲဒါကြောင့် ဒီဂီယာဟာ ကစားသမားဟောင်းတွေနဲ့ ဘောလုံးဝေဖန် သုံးသပ် သူတွေရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူ့ကစားသမားကို ကာကွယ် ပေးခဲ့တာဖြစ်ပါတယ်။

 

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၇၅,၀၀၀ ရရှိနေတဲ့ ဒီဂီယာနဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ ယူနိုက်တက် အသင်းဟာ ဒီဂီယာကို အခုရရှိနေတဲ့ လုပ်ခလစာထက် လျှော့ပြီး ပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်ရှိနေပြီး အသင်းပရိသတ်တွေကတော့ လာမယ့်ရာသီမှာ ဂိုးသမားသစ်တစ်ဦး အမြန်ဆုံးခေါ်ကာ သူ့နေရာမှာ အစားထိုးဖို့ တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက်ရှုံးပွဲ ကြုံတွေ့ ကာ အဆင့် ၅ နေရာက လီဗာပူးလ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ မန်ချက်စတာ ကလပ်ဟာ ပွဲကျန်ကစားဖို့ ၁ ပွဲကျန်ရှိနေသေးပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင်ဖို့ အနည်းငယ် ဖိအားတွေတိုးလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မေလ ၁၃ ရက် အိုးထရက်ဖိုဒ့်မှာ ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail