CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၇

အမေရိကန်နိုင်ငံ  အိုဟိုင်းယိုး (Ohio) ပြည်နယ်၊ စပရင်းဖီးလ် (Springfield) မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ဟေတီ နိုင်ငံသားများကို ဆန့်ကျင်သည့် ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မကြာသေးမီက ပြုလုပ်သည့် စကားစစ်ထိုးပွဲတွင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) က စပရင်းဖီးလ်မြို့၌ ရွှေ့ပြောင်းနေထိုင်သူများသည် မြို့ခံများ မွေးထားသည့် ကြောင်များ၊ ခွေးများကို စားနေသည်ဆိုသည့် အခြေအမြစ်မရှိသော စကားများကို ပြောကြားခဲ့ပြီးနောက် ဟေတီနိုင်ငံသားများ အပေါ် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် စပရင်းဖီးလ်မြို့ရှိ  Wittenberg တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားနေသည့် ဟေတီ ရွှေ့ပြောင်း နေထိုင်သူများအပေါ် ခြိမ်းခြောက်မှုများ မြင့်တက်လာသဖြင့် ကျောင်းဝင်းကို တစ်ရက်ကြာ ပိတ်ထား ခဲ့ရသည်။

Wittenberg တက္ကသိုလ်က စက်တင်ဘာ ၁၅ ရက်တွင် စီစဉ်ထားသည့် စာသင်တန်းများ၊ ပွဲအခမ်းအနားများ အားလုံးကို ပိတ်ပင်ကြောင်း စက်တင်ဘာ ၁၄ ရက်က ကြေညာခဲ့သည်။

အမေရိကန်ရဲတပ်ဖွဲ့ကားကို တွေ့ရစဉ်

ထိုတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသားများ၊ ဆရာများနှင့် ဝန်ထမ်းများထံ အီးမေးလ်မှတစ်ဆင့် ခြိမ်းခြောက်စာများ ပေးပို့ခံခဲ့ရပြီးနောက်  FBI က ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

"FBI ဟာ ခြိမ်းခြောက်မှုရဲ့ အရင်းအမြစ်ကို သိရဖို့၊ အချက်လက်တွေ မျှဝေဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စပရင်းဖီးလ်ရဲတပ်ဖွဲ့၊ Wittenberg တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု FBI ၏ စင်စင်နတီ (Cincinnati) မြို့ ရုံးခွဲက ထုတ်ပြန်ခဲ့သည်။

လက်ရှိ စပရင်းဖီးလ်မြို့ထဲတွင် နေထိုင်နေသည့် ဟေတီနိုင်ငံသားများသည် ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။

ထို့ပြင် စပရင်းဖီးလ်မြို့ရှိ Clark State ကောလိပ်တွင်လည်း အလားတူ ခြိမ်းခြောက်မှုများ ရှိခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်များက လုံခြုံရေးအရ ကောလိပ်ကို ပိတ်ထားခဲ့ရကြောင်း X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

Source: ရိုက်တာ