CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၀

လိင်တူနှင့် လူမျိုးခြား လက်ထပ် ထိမ်းမြားမှုကို အကာအကွယ်ပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန်အောက် လွှတ်တော်က ဇူလိုင် ၁၉ ရက်တွင် တခဲနက် အတည်ပြုခဲ့ကြောင်း အေပီသတင်းကို ကိုးကားလျက် အိန္ဒိယတူဒေးက ရေးသားဖော်ပြသည်။

Roe v Wade အမည်ရှိ ကိုယ်ဝန်ဖျက်ချ ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အမေရိကန်တရားရုံးက ပယ်ချခဲ့ခြင်းအပေါ် ရှေးရိုးစွဲ (ကွန်ဆာဗေးတစ်) အများအပြားက ဝေဖန်ခဲ့ကြပြီး အခြားအခွင့်အရေးများကို ထိခိုက်စေနိုင်သည်ဟု စောဒက တက်ခဲ့ကြသည်။

ပြတ်ပြတ်သားသား ပြောဆိုရသည့် စကားစစ်ထိုးပွဲ (debate) များတွင် ဒီမိုကရက်တစ် အမတ်များသည် အမေရိကန်၏ ဖက်ဒရယ်ဥပဒေတွင် အိမ်ထောင်ရေး တန်းတူညီမျှခွင့်ကို ပြဋ္ဌာန်းရန် မကြာခဏ ဆိုသလို ပုဂ္ဂိုလ်ရေးအရ ပြင်းထန်စွာ ငြင်းခုံကြလေ့ရှိသည်။

ရီပက်ဘလီကန် အမတ်များကတော့ လိင်တူချင်း လက်ထပ်သည့်ကိစ္စကို အတိအလင်း ကန့်ကွက်ကြသည်။ ထိုသို့သော ဥပဒေကြမ်းများ ရေးဆွဲခြင်းသည် အမေရိကန် ပြည်တွင်း၌ ရင်ဆိုင်နေရသော အခြားပြဿနာများကြားထဲ၌ မလိုလားအပ် သည်များ ပုံဖော်နေခြင်းဟု ရီပတ်ဘလီကန်များက အကြောင်းပြသည်။

အမေရိကန်အောက်လွှတ်တော်ကိုတွေ့ရစဉ်

ဇူလိုင် ၁၉ ရက်၌ နိုင်ငံရေးဗျူဟာ၏ တစိတ်တပိုင်းအဖြစ် အောက်လွှတ်တော် အမတ်များဖြစ်ကြသည့် ရီပက်ဘလီကန်များ နှင့် ဒီမိုကရက်တစ် အားလုံးတို့က ရွေးကောက်ပွဲနှစ်အတွက် အလှည့်ကျ အစီအစဉ်ကိုလည်း မှတ်တမ်း တင်ထားကြရန် တွန်းအား ပေးခဲ့ကြသည်။

အဆိုပါ အလေ့အထသည် ဥပဒေပြုရေး မဏ္ဍိုင်အပေါ် ပြန်လည် ကြည့်ရှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တရားရုံးအား ပြန်လှန် မေးခွန်း ထုတ်စေခြင်းကို ထပ်ဟပ်စေသည်။

နိုင်ငံရေးအရ အရှုံးပေါ်ခြင်းကို သတိထားလျက် GOP (ရီပက်ဘလီကန်ပါတီ) ခေါင်းဆောင်များသည် ယခုဥပဒေကြမ်းကို ဆန့်ကျင်ခြင်းနှင့် ၎င်းတို့ပါတီဝင်များကို ဖိအားပေးခြင်းမရှိကြောင်း ၎င်းတို့၏ လက်ထောက်များက ပြောကြားခဲ့ကြသည်။

အားလုံးစုဝေးပြီး ရီပက်ဘလီကန် ၇ ဦးက ဒီမိုကရက်များနှင့် ပူးပေါင်းရင်း မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း အေပီသတင်း တွင် ဆက်လက် ဖော်ပြထားသည်။

အမေရိကန် ရီပက်ဘလီကန်များ

“ဒါဟာ ကျနော့်အတွက်ပဲ။ ကျနော့် ကိုယ်ရေးကိုယ်တာ ဖြစ်ပါတယ်” ဟု အောက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ်၊ လိင်တူ ချစ်သူ တစ်ဦးလည်းဖြစ်သည့် မွန်ဒရေးဂျုံးစ်က ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ အမေရိကန်လူမျိုး မျိုးဆက်သစ်တွေကို ပြောကြဖို့ စိတ်ကူးကြည့်လိုက်ပါဗျာ။ ကျနော်တို့မှာ ချစ်ရတဲ့သူတွေကို လက်ထပ်ခွင့် မရှိသေးဘူး။ ကွန်ဂရက်(လွှတ်တော်)ထဲမှာ ဒီလို အလားအလာ မကောင်းသေးဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: AP, India Today