CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၈ 

အီရတ်နိုင်ငံမြောက်ပိုင်းတွင် ဒရုန်းတိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်စစ်သား ၃ ဦး ဒဏ်ရာရခဲ့ပြီးနောက် အီရန်က ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အဖွဲ့များကို လေကြောင်း တိုက်ခိုက်မှုများလုပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က အမေရိကန်စစ်တပ်ကို အမိန့်ပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့ သည်။

ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဒရုန်းတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အက်ဒရီယန်နီ ဝတ်ဆန် (Adrienne Watson) က ပြောကြားခဲ့သည်။ 

အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် Kataib Hezbollah အဖွဲ့နှင့် အခြား ဆက်စပ်အဖွဲ့များသည် ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည့်  ဒရုန်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ 

ဒီဇင်ဘာ ၂၆ ရက်တွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်သွေးကြွ ၁ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အီရတ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဒေသတွင်း ပဋိပက္ခများ ကျယ်ပြန့်လာမည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

အစ္စရေးသည် ဆီးရီးယားနိုင်ငံ၏မြို့တော် ဒမတ်စကတ် (Damascus)၏ ဆင်ခြေဖုံးဒေသကို တိုက်ခိုက်ခဲ့သဖြင့် အီရန်ထိပ်သီးတပ်မှူး တစ်ဦးဖြစ်သူ ဆေးယက် ရာဇီ မူဆာဗီ (Seyed Razi Mousavi) သေဆုံးသွားခဲ့ကြောင်း အီရန်က ကြေညာခဲ့သည်။

Kataib Hezbollah အဖွဲ့ကို တွေ့ရစဉ်

မူဆာဗီသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလက အီရတ်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံး သွားခဲ့သည့် အီရန်၏ လက်ရွေးစင် Quds Force တပ်ဖွဲ့၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကက်ဆမ် ဆိုလေမာနီ (Qassem Soleimani) နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။
အီရန်အရာရှိများကမူ မူဆာဗီ သေဆုံးမှုအတွက် လက်တုန့်ပြန်မည်ဟု ကြုံးဝါးထားသော်လည်း တုန့်ပြန်တိုက်ခိုက် မှုများကို ချက်ချင်းလုပ်ဆောင်ခြင်း မရှိခဲ့ပေ။ 

ခရစ္စမတ်ကာလ အားလပ်ရက်တွင် မေရီလန်း (Maryland) ပြည်နယ်၊ Camp David စစ်စခန်းရှိ သမ္မတဆိုင်ရာ အပန်းဖြေစခန်းသို့ ရောက်ရှိနေသည့် ဘိုင်ဒန်ကို အမေရိကန်စစ်သားများ တိုက်ခိုက်ခံရကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) က အကြောင်းကြားခဲ့သည်။

ထို့နောက် ဘိုင်ဒန်သည် အီရတ်နိုင်ငံ၊ အာဘီလ် (Irbil) မြို့ရှိ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသည့် လေတပ် စခန်းကို တိုက်ခိုက်ခဲ့သည့် စစ်သွေးကြွအဖွဲ့များအား လက်တုန့်ပြန်သည့်အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Source: အေပီ