CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ် ရပ်စဲရန် တောင်းဆိုခဲ့ပြီးနောက် ယခုအခါတွင် အစ္စရေး၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး သဘောထား ပြောင်းလဲလာသည့် မှတ်ချက်များကို ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟားမာ့စ်နှင့်ဟစ်ဇ်ဘိုလာအဖွဲ့ အပြင် အီရန်ကိုယ်တိုင် တိုက်ရိုက် အစ္စရေးအား ဒုံးကျည်များဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးသည် စစ်ပွဲကိုချဲ့ထွင်လာခဲ့သည်။

ထိုသို့ အစ္စရေး၏ စစ်ပွဲချဲ့ထွင်မှုသည် ကြီးမားသည့် မတူညီမှုများ ရှိနေသည်ဟု အမေရိကန်အရာရှိများက ပြောသည်။

အမေရိကန်အရာရှိများပြောသည့် မှတ်ချက်စကားများထဲတွင် လက်ဘနွန်၌ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်များအား တိုက်ခိုက်ခဲ့သည့် အစ္စရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးအတွက် တွန်းအားပေး လုပ်ဆောင်ရန်လိုကြောင်း၊ အောက်တိုဘာ ၁ ရက်က အစ္စရေးကို ပဲ့ထိန်းဒုံးကျည် ၂၀၀ ခန့်ဖြင့် ပစ်ခတ်ခဲ့သည့် အီရန်ကို ဒဏ်ခတ်သွားမည်ဖြစ်ကြောင်း စသည့် ပြောကြားချက်များ ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တွေ့ရစဉ်

သမ္မတဘိုင်ဒန်က အီရန်၏ ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့သည့် အမေရိကန်နှင့်အစ္စရေး စစ်တပ်များအား ချီးကျူးခဲ့ပြီး အမေရိကန်သည် အစ္စရေးကို အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် (Antony Blinken) ကလည်း အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုသည် လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းနှင့် ထိုတိုက်ခိုက်မှုကို တကမ္ဘာလုံးက ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးသည် အီရန်၏တိုက်ခိုက်မှုကို တုန့်ပြန်ဖွယ်ရှိသည့် အခြေအနေအပေါ် ဝေဖန်မှုနည်းပါးပြီး ထိုကဲ့သို့ တင်းမာမှု မြင့်တက်လာအောင် ပြုလုပ်ခဲ့သူမှာ အီရန်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေ (Jake Sullivan) က ပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေကို တွေ့ရစဉ်

အရှေ့အလယ်ပိုင်းတွင် အင်ပြည့်အားပြည့် စစ်ပွဲဖြစ်လာနိုင်ခြေရှိမည့် အနေအထားကို ရှောင်လွှဲရန် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ပြီးနောက် သီတင်းတစ်ပတ် အကြာမှာပင် အမေရိကန်အစိုးရက အစ္စရေး၏ တိုက်ခိုက်မှုများအား ထောက်ခံကြောင်း လေသံပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

အစ္စရေးသည် ပြီးခဲ့သည့် သီတင်းပတ်က ဘေရွတ်မြို့တော်တွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန် နာဆရာလာ (Hassan Nasrallah) နှင့် အီရန်တော်လှန်ရေးတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး အာဘက်စ် နီလ်ဖို ရူရှန် (Abbas Nilforu shan)တို့အား လေကြောင်းတိုက်ခိုက်မှုဖြင့် ချေမှုန်းခဲ့သည်။

ထို့အပြင် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို မြေပြင်စစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အမေရိကန်အရာရှိများကမူ အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို ထောက်ခံကြောင်းနှင့် မိမိတို့၏ သဘောထား မှတ်ချက်များ ပြောင်းလဲမှုသည် မြေပြင်တွင် ပြောင်းလဲနေသည့် အခြေအနေများကြောင့်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Source: အေပီ