CNI International News
ဘေရွတ်၊ မတ်လ ၃
အစ္စရေးသည် မတ်လ ၂ ရက်တွင် အီရန်ကို လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့သလို လက်ဘနွန်ရှိ အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများကိုပါ တိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကို ချဲ့ထွင်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အီရန်ကလည်း အစ္စရေးကို ဒုံးကျည် အများအပြားဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) သေဆုံးခဲ့မှုအတွက် လက်တုန့်ပြန်သည့် အနေဖြင့် အစ္စရေးကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့ပြီးနောက် အစ္စရေး သည် အီရန်၏ အဓိက မဟာမိတ်များထဲတွင် ပါဝင်သည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဘေရွတ် (Beirut) မြို့တော် တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ ထိန်းချုပ်ထားသည့် ဒေသများ ကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၃၁ ဦး သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရပိုင်သတင်းဌာန NNA က ဖော်ပြခဲ့သည်။

အီရန်ခေါင်းဆောင် အလီခါမေနီ ပုံကို ကိုင်ထားကြစဉ်
ဟစ်ဇ်ဘိုလာ အဆင့်မြင့် ခေါင်းဆောင်များကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အီရန်နိုင်ငံကို တိုက်ခိုက်မှုများ ပိုမိုပြုလုပ်ခဲ့သည်။
တီဟီရန် (Tehran) မြို့တော်၏ နေရာ အနှံ့အပြားတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အနောက်ဘက် ကာဒစ္စတန် (Kurdistan) ပြည်နယ်ရှိ ဆာနန်ဒပ်ချ် (Sanandaj) မြို့တွင် လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အီရန်၏ တန်ပြန် တိုက်ခိုက်မှုများကြောင့် အစ္စရေး၏ တဲလ်အဗစ် (Tel Aviv) နှင့် ဂျေရုဆလင် (Jerusalem) အပါအဝင် နိုင်ငံတစ်ဝန်းတွင် လေကြောင်း သတိပေး ဥဩသံများ ထွက်ပေါ်ခဲ့သည်။
တဲလ်အဗစ်မြို့ရှိ အစ္စရေးအစိုးရခြံဝင်း၊ ဟိုင်ဖာ (Haifa) မြို့ရှိ စစ်ရေးနှင့် လုံခြုံရေးစင်တာများ၊ အရှေ့ဂျေရုဆလင် ရှိ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကမူ အီရန် ပစ်မှတ်များကို အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများသည် သီတင်းလေးပတ်ခန့် ကြာမြင့်လိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
