CNI International News
ဂျေရုဆလင်၊ ဇွန်လ ၂၁
အီရန်ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ခြင်း သို့မဟုတ် ကျဆုံးရေးသည် အစ္စရေး၏ ရည်ရွယ်ချက် ပန်းတိုင် မဟုတ်သော်လည်း စစ်ရေးတိုက်ခိုက်မှုများ၏ ရလဒ်ဖြစ်လာနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ဇွန်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
“အီရန်အစိုးရကို ပြုပြင်ပြောင်းလဲဖို့ ဒါမှမဟုတ် အီရန်အစိုးရ ပြုတ်ကျစေဖို့ဟာ အီရန်ပြည်သူတွေအတွက် ပထမဆုံးနဲ့ အရေးအကြီးဆုံး ကိစ္စပါ။ အီရန်ပြည်သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုအခြေအနေများသည် အစ္စရေး၏ ရည်ရွယ်ချက် မဟုတ်ဘဲ စစ်ရေးတိုက်ခိုက်မှုများ၏ ရလဒ်တစ်ခု ဖြစ်လာ နိုင်ကြောင်း နေတန်ယာဟုက အစ္စရေး၏ Kan ရုပ်သံလိုင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အစ္စရေး၏ တိုက်ခိုက်မှုတွင် ပူးပေါင်းမည်ဖြစ်စေ မပူးပေါင်းမည်ဖြစ်စေ အီရန်၏ နျူကလီးယားစက်ရုံများ အားလုံးကို ဖျက်ဆီးရန် အစ္စရေး၌ ပါဝါရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး လာမည့် သီတင်းနှစ်ပတ်အတွင်း ဆုံးဖြတ်ချက် ချသွားမည်ဟု အိမ်ဖြူတော်မှ မထုတ်ပြန်မီ နေတန်ယာဟုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်ခေါင်းဆောင် အလီခါမေနီကို တွေ့ရစဉ်
အီရန်၏ ကွမ် (Qom) မြို့အနီးရှိ တောင်အောက်တွင် တည်ဆောက်ထားသည့် အီရန်နျူကလီးယား စီမံကိန်း၏ အဓိကစက်ရုံဖြစ်သည့် Fordow ယူရေနီယံသန့်စင်သော စက်ရုံကို ဖျက်ဆီးရန်အတွက် အစ္စရေးသည် အမေရိကန် စစ်တပ်၏ ဘန်ကာဖျက် ဗုံးများနှင့် အကူအညီ လိုအပ်လိမ့်မည်ဟု စစ်ရေးလေ့လာသူများက ယုံကြည်ကြသည်။
Fordow စက်ရုံကို အမေရိကန်က ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖျက်ဆီးနိုင်စွမ်း ရှိ/မရှိ မေးမြန်းခံရချိန်တွင် နေတန်ယာဟုက “ကျနော်တို့ရဲ့ ပစ်မှတ်တွေအားလုံး၊ သူတို့ (အီရန်) ရဲ့ နျူကလီးယား စက်ရုံတွေ အားလုံးကို ဖယ်ရှားနိုင်တဲ့ စွမ်းအားဟာ ကျနော်တို့ဆီမှာ ရှိပါတယ်၊ ဒါပေမယ့် သူ (ထရမ့်) ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်” ဟု ပြောကြားခဲ့သည်။
“သူကတော့ အမေရိကန်အတွက် ကောင်းတာကိုပဲ လုပ်မှာပါ။ ကျနော်ကလည်း အစ္စရေးနိုင်ငံအတွက် ကောင်းတာ တွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအချိန်အထိတော့ လူတိုင်းက သူတို့လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နေကြတယ်လို့ ပြောနိုင်ပါတယ်”ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
ဇွန်လ ၁၈ ရက်တွင် ထရမ့်က အမေရိကန်သည် Fordow နျူကလီးယားစက်ရုံကို ဖျက်ဆီးနိုင်စွမ်းရှိကြောင်း၊ သို့သော် ထိုကဲ့သို့ တိုက်ခိုက်ဖျက်စီးရန် လုပ်ဆောင်နေခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ