CNI International News

၂၀၂၆ ခုနှစ်၊ မတ် ၁၉

အီရန်သည် အစ္စရေး၏ တဲလ်အဗစ် (Tel Aviv) မြို့ကို ကလပ်စတာဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) နှင့် အခြား အဓိက အရာရှိများ သေဆုံးခဲ့မှုကို တုန့်ပြန်သည့် အနေဖြင့် ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံ၏ ခိုင်မာသည့် နိုင်ငံရေးစနစ်ကို နားလည် သဘောပေါက်ထားခြင်း မရှိကြောင်း၊ အီရန်၏ နိုင်ငံရေးစနစ်သည် မည်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ မှီခိုထားခြင်း မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Aragjchi) က ပြောကြားခဲ့သည်။

ထို့ကြောင့် အီရန်၏ ထိပ်သီးအရာရှိများ သေဆုံးမှုသည် အုပ်ချုပ်ရေးစနစ်ကို အနှောင့်အယှက် မဖြစ်စေဘဲ အစိုးရအဖွဲ့ကို ဆက်လက် လည်ပတ်နိုင်ကြောင်း အာရက်ချီက အယ်လ်ဂျာဇီးယား သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံက မတ်လ ၁၈ ရက်၌ ထုတ်ပြန်ခဲ့သည်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း အစ္စရေးကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များထဲ၌ လက်နက်ထိပ်ဖူး အများအပြား တပ်ဆင်နိုင်သည့် ခိုရမ်ရှာ-၄(Khorramshahr 4 )နှင့် ကဒါရ်(Qadr) ဒုံးကျည်များ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

အစ္စရေး၏ တဲလ်အဗစ်မြို့ တိုက်ခိုက်ခံရစဉ်

လူဦးရေ ထူထပ်သိပ်သည်းသည့် တဲလ်အဗစ်မြို့တွင် အီရန်၏ တိုက်ခိုက်မှုများကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး စစ်ပွဲ စတင် ဖြစ်ပွားချိန်မှစ၍ အစ္စရေးဘက်၌ သေဆုံးသူစုစုပေါင်း ၁၄ ဦးအထိ ရှိလာခဲ့သည်ဟု အစ္စရေးအာဏာပိုင် များက ပြောကြားခဲ့သည်။

အီရန်သည် ကြားဖြတ်ပစ်ချရန် အလွန်ခက်ခဲသည့် ကလပ်စတာဗုံးများကို အသုံးပြုနေကြောင်း အစ္စရေးက မကြာခဏ ပြောကြားခဲ့သည်။

ကလပ်စတာဗုံးများသည် လေထုထဲတွင် ပထမအဆင့် ကွဲပြီးနောက် အလွန်သေးငယ်သည့် ဗုံးများသည် အရပ်မျက်နှာ အသီးသီးကို လွင့်စင်ကျရောက်သော ဗုံးအမျိုးအစားဖြစ်သည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသည့် စစ်ပွဲသည် သီတင်းသုံးပတ်နီးပါး ကြာမြင့်လာချိန်သော လည်း လက်ရှိ အချိန်အထိ စစ်ပွဲအရှိန်မှာ လျော့ကျမသွားသေးဘဲ ပြင်းထန်နေဆဲဖြစ်သည်။

Source: ရိုက်တာ