CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၉

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသမှတဆင့် တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နှင့် မြန်မာ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်ကာကွယ်ရေးဦးစီးချုပ်ကို လက်ခံ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသမှတဆင့် တရားမဝင် ကုန်သွယ်မှုများ မရှိစေရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ ညစ်ညမ်မှုများကို လျှော့ချနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ကို ဆွေးနွေးကြ သည်။

ထို့နောက် အွန်လိုင်းငွေကြေး လိမ်လည်မှုများအား ထိထိရောက်ရောက် ဟန့်တား ရှင်းလင်းနိုင်ရေး ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC) ကျင်းပ ပြုလုပ်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုအခါ လွှတ်တော် အစည်းအဝေးများ ကျင်းပပြုလုပ်လျက်ရှိမှု အခြေအနေများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချပြဆွေးနွေးခဲ့သည်။

အဆိုပါ နှစ်နိုင်ငံ တပ်မတော်ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှုတွင် မြန်မာဘက်က ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကော်မရှင်ဒုဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုး ဝင်း၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အလားတူ ထိုင်းနိုင်ငံဘက်ကတော့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပူးတွဲစစ်ဦးစီးချုပ် General Chitchanok Nujjaya နှင့် ထိုင်းဘုရင့်တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း ဘုရင့်ကြည်းတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။