CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှတဆင့် နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုအား အတူတကွ ထိန်းသိမ်းနိုင်ကြရန် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ The Chinese Global Program Center of China Media Group ၏ သတင်းထောက်က မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
Mr. Guo Jiakun က “ တရုတ်နိုင်ငံမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်အား အစဉ်အမြဲ ခိုင်မာစွာ လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုကြောင်း၊ မိမိတို့သည် အိမ်နီးချင်းကောင်း အနေဖြင့် မြန်မာနိုင်ငံဘက် အသီးသီးက ရွေးကောက်ပွဲမှတဆင့် ပိုမိုကျယ်ပြန့် ခိုင်မာ တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအား အကောင်အထည်ဖော်၍ အခြေအနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုအား အတူတကွ ထိန်းသိမ်းနိုင်ကြရန် ထောက်ခံပါ ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစား လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိရေးအတွက် အပြု သဘော ဆောင်သော အကူအညီများအား ဆက်လက် ပေးအပ်သွားမည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် တည်ငြိမ်၊ စနစ်တကျ ဖြစ်ခဲ့ပြီး မဲဆန္ဒရှင်များက တက်ကြွစွာ ပါဝင်မဲပေးခဲ့ကြကြောင်း၊ ၎င်းကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံမှ ဂုဏ်ပြု ကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအား အစဉ်အမြဲ နက်ရှိုင်းစွာ အကောင်အထည် ဖော်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က အပိုင်း(၂)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်က အပိုင်း(၃)ကို လည်းကောင်း ကျင်းပခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ပြည်ထောင်စုအဆင့်ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ပြိုင်တဲ့ပါတီ ၅၁ ပါတီ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၄၈၆၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲသည် နိုင်ငံ၏ အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း၊ မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ လာမည့်အစိုးရသည် ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းသော အစိုးရတစ်ရပ် ပေါ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
