CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ထွက်ပေါ်လာမည့် အစိုးရဖွဲ့အတွင်း ဒုတိယသမ္မတ (၂) နေရာအတွက် မည်သည့် တိုင်းရင်းသားပုဂ္ဂိုလ် ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ဦးသိန်းစိန် လက်ထက်က စတင်ကာ အစိုးရအဖွဲ့၏ အစဉ်အလာအရ အမျိုးသားလွှတ်တော်မှ အမည်တင်သွင်း သည့် သမ္မတလောင်းသည် တိုင်းရင်းသားလူမျိုးဖြစ်ကာ ဒုတိယသမ္မတ (၂)အဖြစ် တာဝန်ယူသော အစဉ်အလာ တစ်ရပ်ရှိခဲ့သည်။

ထို့ကြောင့် ယခုရွေးကောက်ပွဲပြီး ပေါ်ထွက်လာမည့် အစိုးရအဖွဲ့၌ ဒုတိယသမ္မတ(၂) နေရာအတွက် ရခိုင် တိုင်းရင်း သားဘက်ကို အလှည့်ပေးနိုင်ကာ ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ‌ဒေါက်တာအေးမောင် ဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီတစ် batch ကျတော့ အားလုံးတွက်ထားတာက ရခိုင်အလှည့်လို့ တွက်ထားကြတာ။ ရခိုင်ကို အလှည့် ပေးလိမ့်မယ်လို့ တွက်ထားတော့ လောလောဆယ်တော့ ဒေါက်တာအေးမောင်ကတော့ ထင်ကြေးပေးတာပေါ့။ သို့သော် သူက အရွေးမခံရဘူး။ ဒါပေမယ့် သမ္မတဖြစ်မယ့်လူက အရွေးခံဖို့ မလိုပါဘူး။ အရွေးခံရတဲ့ လွှတ်တော် အမတ် မဖြစ်လည်းရတာပဲ။ အဓိကကြတော့ အမျိုးသားလွှတ်တော်ကနေ အဆိုပြုဖို့ပဲလိုတာကို။ သမ္မတလောင်း ၃ ယောက်မှာ ပြည်သူ့လွှတ်တော်က တစ်ယောက် အဆိုပြုတယ်၊ အမျိုးသားလွှတ်တော်က တစ်ယောက် အဆိုပြု တယ်၊ တပ်မတော်က တစ်ယောက် အဆိုပြုတယ်။ အဲဒီ ၃ ယောက် တန်းစီရင် ပြည်သူ့လွှတ်တော်က အဆိုပြုတဲ့ လူက သမ္မတကြီးဖြစ်တယ်။ စစ်တပ်က အဆိုပြုတဲ့လူက ဒုတိယသမ္မတ (၁) ဖြစ်တယ်၊ နောက်ပြီးတော့ အမျိုး သား လွှတ်တော်က အဆိုပြုတဲ့ တိုင်းရင်းသားက ဒုတိယသမ္မတ (၂) ဖြစ်တာပေါ့။ အဲဒီအစဉ်အလာအတိုင်း မပြတ် ဘူး သွားမယ်ဆိုရင်တော့ အမျိုးသားလွှတ်တော်က အဆိုပြုတဲ့လူက လွှတ်တော်အမတ် မဖြစ်လည်းရတယ်၊ ဖြစ် လည်း ရတယ်။ မဖြစ်တဲ့လူ ပြောမယ်ဆိုရင်တော့ ဒေါက်တာအေးမောင်ကို အမျိုးသားလွှတ်တော်က အဆိုပြု မလားပေါ့လေ။ တိုင်းရင်းသားထဲက ဖြစ်ဖို့လိုတယ်။ ရှမ်းကတော့ ပြီးသွားပြီဆိုတော့ မဖြစ်တော့ဘူး။ ချင်းကလည်း ဖြစ်ပြီးပြီဆိုတော့ အလှည့်နဲ့ ပေးသွားမယ့် သဘောရှိတယ် အဲဒါတော့” ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို တွေ့ရစဉ်

ထို့ပြင် လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်ဘက်ကို စည်းရုံးရန် လိုသည်ဟု ယူဆပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ကချင်ပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ဒေါ်ဒွဲဘူသည်လည်း ဒုတိယသမ္မတ ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ကချင်လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့ဆို မရဖူးသေးဘူးဆို ဖြစ်နိုင်တာပေါ့။ လောလော ဆယ် ကချင်ကိုလည်း စည်းရုံးဖို့ လိုတယ်ဆိုရင်တော့ ဒေါ်ဒွဲဘူတို့လည်း ဖြစ်နိုင်ပါတယ်။ အဓိက,ကတော့ လွှတ်တော် ခေါ်ပြီးတဲ့အချိန်မှာ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌက ဘယ်သူ ဖြစ်မလဲပေါ့။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် အမတ်တွေက အဆိုပြုရမှာပေါ့။ အဲဒီအပေါ်မှာ ကချင်ဘက်ကို အသာပေး မယ်ဆို လည်း ကချင်ပေါ့။ ကချင်၊ ရခိုင်ပေါ့။ အခုမရသေးတာက ကချင်၊ ရခိုင်၊ ကရင်နီ၊ ကရင် မရသေးဘူးကို မွန်ပေါ့။ ဒါပေမယ့် အဲဒီအထဲမှာ အားလုံးလိုက်ကြည့်ရင် ဒုတိယသမ္မတ နေရာလောက် လောက်လောက်လားလား အဆိုပြု နိုင်လောက်အောင်က မရှိသေးဘူးလို့ တွေ့နေရတယ်။ နည်းနည်း လူသိများတဲ့ ခေါင်းဆောင်ပေါ့။ အဲဒါကြောင့် ကချင်လည်း ဖြစ်နိုင်ပါတယ်။ ရခိုင်လည်း ဖြစ်နိုင်ပါတယ်။ အလားအလာပေါ့လေ”ဟု ပြောသည်။

ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တွင် ဒုဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရချိန်နောက်ပိုင်း ပါတီကနေ နုတ်ထွက်ပြီး ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ USDP ကိုယ်စားပြု အမျိုးသားလွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရထားသူဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်း အဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရသည့် နေ့မှစ၍ နှုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ဒေါ်ဒွဲဘူကို တွေ့ရစဉ် 

ထို့ကြောင့် လက်ရှိ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအတွင်း အနိုင်မရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများထဲမှလည်း သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံရခွင့်ရှိပြီး ဒုတိယသမ္မတ ဖြစ်လာနိုင်သည့် သဘော ဖြစ်သည်။

ထိုသို့ တိုင်းရင်းသား လူပုဂ္ဂိုလ် တစ်ဦးဦးအား ဒုတိယသမ္မတရာထူး ပေးခဲ့ပါက ၎င်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်နှင့် အစိုးရ၊ တပ်မတော်အကြား ထူးခြားမှု ရှိလာမည်ဟု မထင်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)မှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “NLD လက်ထက်တုန်းကဆိုရင် ဒုသမ္မတတော့ မဟုတ်ဘူးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းရှိတယ်။ နောက် ဒုသမ္မတက ချင်းလူမျိုး။ ဟိုးဘက် ဦးသိန်းစိန် လက်ထက်တုန်းကဆိုရင် စိုင်းမောက်ခမ်း။ ဆိုတော့ ချင်းတို့၊ ရှမ်းတို့၊ ကရင်တို့တော့ နည်းနည်းလေး ပြီးပြီပေါ့။ အခုပြောရမယ်ဆိုရင် ကျန်တာ မွန်တို့၊ ရခိုင်တို့ပဲ ကျန်တယ်။ မွန်တို့၊ ရခိုင်တို့ကလည်း နာမည်ကြီးတဲ့လူ ထည်ထည်ဝင်ဝင်ရှိတဲ့လူ ကျနော်တော့ မသိဘူး။ ကျနော်တို့ ကရင် ဘက်ကတော့ နည်းနည်းလေးလေး ထည်ထည်ဝင်ဝင်ရှိတဲ့လူ ကျနော်မတွေ့ဘူး။ ကျနော့် စိတ်ထင်တော့ ထူးထူး ခြားခြားတော့ရှိမှာ မဟုတ်ဘူး။ ရိုးရိုးသားသား ကျနော့် အမြင်ပေါ့လေ။ ကိုယ့်တိုင်းရင်းသား တစ်ယောက်က ဒုသမ္မတ ဖြစ်သွားလို့ တပ်မတော်နဲ့ အစိုးရနဲ့ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြေလည်မယ်၊ မပြေ လည်ဘူး ဆိုတာတော့ ထူးထူးခြားခြား ဒီလောက် ပြောဆိုလို့မရဘူး။ ကျနော် ထင်တာတော့ ဒီလောက် ထူးထူး ခြားခြား ဖြစ်လာမှု မရှိဘူးထင်တယ် အဲဒီအပိုင်းလောက်နဲ့တော့” ဟု ပြောသည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲပြီးနောက် သမ္မတဖြစ်လာနိုင်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းသာမက ပြည်တွင်းမှ စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက ထင်ကြေးပေးထား ကြသည်။

ထို့ပြင် တက်လာမည့် အစိုးရသစ်သည် တပ်မတော်ကိုယ်တိုင် ကြီးစိုးဦးစီးသည့် အစိုးရဖြစ်မည်ဟုလည်း ၎င်းတို့က သုံးသပ်နေကြသည်။